ပြည်ပရောက် လုပ်သားတွေ တရားဝင်ငွေပြန်မလွှဲရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

သြဂုတ်၊ ၃၁
 
ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်ကနေ လွှဲပို့ဖို့ ပျက်ကွက်ရင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် သုံးနှစ်ပိတ်ခံမယ့်အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူမယ်ဆိုပြီး စစ်ကောင်စီက ထပ်မံဖိအားပေး ခြိမ်းခြောက်လာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းက ပြောပါတယ်။
” အခု ပြည်ပထွက်မယ့် အလုပ်သမားတွေက သတ်မှတ်ထားတဲ့အတိုင်း ငွေလွှဲပို့ပါမယ်ဆိုတဲ့ ဝန်ခံချက်လိုမျိုး လက်မှတ်ရေးထိုးခိုင်းတော့မှာ၊ လူသစ်တွေကို စကြပ်မှာပေါ့ ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးက ပြောပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံစဥ် ပြည်ပရောက်လုပ်သားတွေရဲ့ လွှဲပို့ငွေကိစ္စ ထည့်သွင်းမှာကြားခဲ့သလို အဲဒါနဲ့ဆက်စပ်ပြီး ညွှန်ကြားစာပါ ထွက်လာတာလို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ ပြည်ပကို မထွက်ခွာခင် အေဂျင်စီနဲ့ နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုရာမှာ လွှဲပို့ငွေကိစ္စကိုပါ ထည့်သွင်းချုပ်ဆိုခိုင်းထားတာဖြစ်ပြီး စက်တင်ဘာလကနေ စပြီး လုပ်ဆောင်ရမှာလို့ အေဂျင်စီအသိုင်းဝိုင်းက ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ ညွန်ကြားချက်မှာ အလုပ်သမားက လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် အများ​ဆုံးသုံး လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိထားသူနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဖြစ်စေ မိသားစုဆီ လွှဲပို့ရမယ်လို့ ဖော်ပြထားပါတယ်။
 
အေဂျင်စီတွေအနေနဲ့လည်း တရားဝင်ငွေလွှဲပို့နိုင်မယ့် နည်းလမ်းတွေနဲ့ အကျိုးကျေးဇူးတွေကို အလုပ်သမားတွေ သိရှိနားလည်အောင် ရှင်းပြဖို့ကိုလည်း ထည့်သွင်းဖော်ပြထားပါ​တယ်။
 
အခုလို စစ်ကောင်စီက ဘဏ်ကငွေလွှဲပို့အောင် ဖိအားပေးလာတာ၊ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ လက်ခံနိုင်စရာ မရှိသလို ထိရောက်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလို့လည်း ပြည်ပရောက်အလုပ်သမားတွေက ဝေဖန်ပါတယ်။
 
“ အခုမှ ထွက်မယ့်သူတွေကတော့ လွန်ဆန်ဖို့ခက်မှာ သေချာတယ်၊ လက်မှတ်ထိုးမှ ထွက်လို့ရမှာဆိုတော့၊ ဒါပေမယ့် အာဏာရှင်တွေက သက်တမ်းက သိပ်မှမကျန်တော့တာ၊ ပြည်ပရောက်ပြီးရင် ကိုယ့်သဘောနဲ့ကိုယ်ပေါ့ ” လို့ ဂျပန်ရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီအနေနဲ့ သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေဆီက နိုင်ငံခြားဝင်ငွေကို မျှော်လင့်နေပြီး ဘဏ်ကနေ တရားဝင်စီးဝင်လာအောင် အသည်းသန် ကြိုးစားနေတာ ဖြစ်ပါတယ်။
 
ပြည်ပရောက်မြန်မာလုပ်သား အများစုကတော့ စစ်ကောင်စီထံ နိုင်ငံခြားငွေ အစီးဝင်စေလိုတာ၊ ဘဏ်ကို သွားရောက် ငွေလွှဲဖို့ အဆင်မပြေတာ၊ ဗဟိုဘဏ်ပေါက်စျေးက ပြင်ပပေါက်စျေးထက် လျော့နည်းတာတွေကြောင့် တခြားအဆင်ပြေရာ နည်းလမ်းတွေနဲ့ ငွေလွှဲပို့နေကြတာလို့ အလုပ်သမားတွေက ပြောကြပါတယ်။
 
ခေတ်အဆက်ဆက် ပြည်ပရောက်မြန်မာလုပ်သားတွေဟာ တရားမဝင်ငွေလွှဲစနစ် ဟွန်ဒီကိုသာ အဓိကအသုံးပြု ငွေလွှဲလေ့ ရှိခဲ့ကြသလို ခေတ်အဆက်ဆက် အစိုးရတွေကလည်း တရားဝင်စနစ်တွေ အသုံးပြုနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် အောင်မြင်မှုမရသေးပါဘူး။
 
လက်ရှိ အာဏာသိမ်းစစ်ကောင်စီကတော့ ပြည်ပရောက် လုပ်သားတွေဆီက နိုင်ငံခြားငွေ စီးဝင်လာစေဖို့အတွက် နည်းလမ်းမျိုးစုံ အသုံးပြု ဖိအားပေးနေပြီး အခုတကြိမ်မှာတော့ ပြည်ပထွက်ခွင့်ပိတ်တာနဲ့ အရေးယူမှုတွေ လုပ်ဖို့အထိ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
 
ဓာတ်ပုံ – Google