သြဂုတ်၊ ၃၁
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို သြဂုတ်လ ၃၁ ရက်၊ မနက် ခြောက်နာရီခွဲလောက်မှာ စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
” ထိတာကတော့ သုံးယောက်၊ အမျိုးသားချည်းပဲ။ အဲထဲက တယောက်က ဆုံးသွားတာ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ရှောင်တွေရဲ့ တဲအိမ်သုံးလုံးနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့သလို မွေးမြူထားတဲ့ ဝက်တကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ စစ်ကောင်စီတပ်က အဲဒီနေရာကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံး ကိုးလုံးခန့် ကြဲချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့ရသူ၊ ထိခိုက်ဒဏ်ရာရသူ အမျိုးသားတွေရဲ့ အသက်အပိုင်းအခြားနဲ့ ထိခိုက်ဒဏ်ရာတဲ့ အခြေအနေတွေကိုတော့ Delta News Agency အနေနဲ့ အသေးစိတ်မသိရသေးပါဘူး။
” ရွာခံတွေက တိုက်ပွဲနဲ့ ဝေးတဲ့ တောထဲတောင်ထဲကို ရွှေ့ပြီးနေကြတာ၊ ဒါတောင် အဲဒီနေရာကိုပဲ လာကြဲသွားတာ ” လို့ ကိုဗညားက ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း အခုလို တိုက်ခိုက်ခံရတဲ့နေရာဟာ အရပ်သားစစ်ရှောင်တွေ နေထိုင်တဲ့နေရာသာဖြစ်ပြီး စစ်ကောင်စီတပ်က ပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက် လေးနာရီလောက်မှာပဲ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေနေထိုင်ရာ နေရာအနီးကို လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ကရင်နီပြည်တဝှမ်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေသလို တိုက်ပွဲမရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဘက်ကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စစ်တမ်းတွေအရတော့ ၂၀၂၃ ခုနှစ်အစကနေ ဇူလိုင်လကုန်အထိ ခုနစ်လအတွင်း ကရင်နီပြည်နယ်တဝှမ်း လေကြောင်းတိုက်ခိုက်မှု ၃၈၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – KNDF