စစ်ကောင်စီက ပူးတွဲဥက္ကဌအဖြစ်တာဝန်ယူမယ့် အာဆီယံ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို JFM ရှုတ်ချ

သြဂုတ်၊ ၃၁
 
အာဏာသိမ်းစစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူပြီး ရုရှနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM)က သြဂုတ်လ ၂၉ ရက်က ထုတ်ပြန်ပါတယ်။
 
” စစ်အုပ်စု စစ်သည်တွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နည်းဗျူဟာတွေ လေ့ကျင့်သင်ကြားပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အတော် ယုတ္တိမဲ့တဲ့ စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ပါတယ် ” လို့JFMရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
 
အာဆီယံကာကွယ်ရေး ဝန်ကြိီးများအစည်းအဝေး (ADMM) နဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ ပလက်ဖောင်းဖြစ်တဲ့ ADMM-Plus ရဲ့ လုပ်ငန်းစဉ်ထဲပါတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ရုရှားနိုင်ငံက မြို့နှစ်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
 
အဲဒီစစ်ရေးလေ့ကျင့်မှုမှာတော့ စင်ကာပူနိုင်ငံကလွဲလို့ ကျန်တဲ့အာဆီယံနိုင်ငံတွေ ပါဝင်မှာဖြစ်ပြီး ADMM Plus ထဲ ပါဝင်တဲ့ တရုတ်နဲ့ အိန္ဒိယတို့လည်း ပါဝင်ဖွယ်ရှိပါတယ်။
 
JFM ကတော့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြန်မာပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ လူနေအိမ်တွေကို မီးရှို့တာ စတဲ့အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို စွမ်းဆောင်ရည်တွေ ပိုပေးအပ်မှာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်ပါက မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါပတ်သက်မှုက ပိုမိုနက်ရှိုင်းမှာဖြစ်တယ်လို့လည်း JFM က သတိပေးပါတယ်။
 
” ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်အုပ်စုဟာ ပိုပြီး လက်ရဲဇက်ရဲ ရှိလာပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် အားပေးကူညီရာ ရောက်မယ်ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သူ့ရဲ့ဆွေးနွေးဖက်နိုင်ငံတွေက ကောင်းကောင်းသိပါတယ် ” လို့လည်း မရတနာမောင်က ပြောပါတယ်။
 
အဲဒီစစ်ရေး လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လပထမအပတ်တုန်းက နေပြည်တော်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲကို ADMM Plus ထဲမှာပါတဲ့ စင်ကာပူနိုင်ငံကလွဲလို့ ကျန်တဲ့အာဆီယံနိုင်ငံ ရှစ်နိုင်ငံနဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 
“ လတ်တလော နိုင်ငံရေး အခြေအနေတွေအရ NUG၊ PDF အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့တာကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းများ ရရှိစေခဲ့ပါတယ် ” လို့ အဲဒီဆွေးနွေပွဲအပြီးစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ရေးသားထားပါတယ်။
 
ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ADMM Plus မှာ အာဆီယံဆယ်နိုင်ငံနဲ့ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်ပါတယ်။
 
JFM ကတော့ သြဂုတ်လပထမအပတ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုအတွက် ကြိုတင်ဆွေးနွေးပွဲကို မတက်ရောက်ခဲ့တဲ့ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ အမေရိကန်နဲ့ စင်ကာပူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောထားပါတယ်။
 
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းသင့်ပြီး၊ လှုပ်ရှားမှုအစီအစဉ်အားလုံးကနေ စစ်အုပ်စုကို တားမြစ်ပိတ်ပင် ရမယ်လို့ JFM က တိုက်တွန်းပါသေးတယ်။
 
စစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မယ်ဆိုရင် အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဟာ စစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်သင့်ပြီး၊ တရားမဝင်စစ်အုပ်စုပါနေတဲ့ ADMM အခမ်းအနားအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီီဒီယာ
ပုံစာ – တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ ADMM Plus စစ်ရေးလေ့ကျင့်မှု ပိတ်ပွဲအခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တွေ့ရစဉ်။