ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေ နေထိုင်ရာအနီးကို လေယာဉ်နဲ့ ဗုံးသုံးကြိမ်ကြဲ

သြဂုတ်၊ ၃၁

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာအနီးကို စစ်ကောင်စီတပ်က  သြဂုတ်လ ၃၁ ရက်၊ မနက် လေးနာရီလောက်မှာ လေယာဉ်နဲ့ ဗုံးသုံးကြိမ်လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဉ်ကတော့ သုံးကြိမ်လာတယ်။မှောင်နေတော့ တစင်းတည်းလား သုံးစင်းလာဆိုတာမသိဘူး။ ဗုံးကတော့ လေးလုံးကြဲတာ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီ နေရာနဲ့ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတော့ မရှိဘူးလို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“ထိခိုက်မှု မရှိဘူးဆိုတာက ဗုံးမကွဲလို့၊ဗုံးသာကွဲခဲ့မယ်ဆိုရင် ထိခိုက်မှုရှိမှာပဲ။ ပြည်သူတွေရှိနေတဲ့ နေရာကို ကျတဲ့တလုံးက မကွဲတာ၊ တခြားနေရာကို ကျတာတွေတော့ ကွဲတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက DNA ကို ပြောပါတယ်။

အခုလို ဗုံးလာကြဲတဲ့လေယာဉ်ဟာ နေပြည်တော်လေတပ်၊ အေလာတပ်စွယ်ကနေ ထွက်ခွာလာတယ်လို့လည်း ပြောဆိုကြတာတွေရှိပေမယ့် Delta News Agency ကတော့ အတိအကျ အတည်မပြုနိုင်ပါဘူး။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ တနှစ်ခွဲကျော်လောက်ကတည်း တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ဦးရေ သုံးသောင်းဝန်းကျင်အထိရှိပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အမြဲတမ်းစိုးရိမ်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်ကလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းက နေရာလေးနေရာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တဲ့အပြင် လက်နက်ကြီးနဲ့လည်း ခုနစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။