ကန့်ဘလူမှာ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူအပါအဝင် သုံးဦးကိုသတ်ဖြတ်

သြဂုတ်၊ ၃၁

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို   စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့နေသူတဦးအပါအဝင် ဒေသခံအမျိုးသား သုံးဦးကိုသတ်ဖြတ်ခဲ့ပါတယ်။

“ လေးရက်ဆက်တိုက်တပ်စွဲခဲ့တာ ဒေသခံသုံးဦးကိုလည်းသူတို့သတ်ဖြတ်ခဲ့တာ အတည်ပြုလို့ရပါတယ်။ သူတို့စစ်ကြောင်းထွက်တော့မှ အလောင်းတွေ တွေ့တာပါ “ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ ဆီဆုံကျေးရွာက စိတ်ကျန်းမာရေးချို့တဲ့နေသူ အသက် ၃၇ နှစ်အရွယ် ကိုနိုင်ဝင်း၊ ရွာသစ်ရွာက အသက် ၄၉ နှစ်အရွယ် ဦးမောင်လွင်နဲ့  အသက် ၅၄ နှစ်အရွယ် ဦးထွန်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီသူတွေကို ဘယ်နေ့က  သတ်ဖြတ်တယ်ဆိုတာတိတိကျကျမသိရသေးဘဲ စစ်ကောင်စီစစ်ကြောင်းထွက်လို့ တော်လှန်ရေးအင်အားစုတွေကနယ်မြေရှင်းလင်းမှ အလောင်းတွေတွေ့ရတာလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇီးကုန်းတိုက်နယ် အတွင်းမှာရှိတဲ့ ရွာသစ်ရွာနဲ့ ဆီဆုံကျေးရွာအတွင်း ကို စစ်ကောင်စီခြေမြန်တပ်ရင်း (၃၆၁) နဲ့ပျူစောထီး ပူးပေါင်း အင်အား ၁၅၀ ကျော်ဟာ  သြဂုတ် ၂၅ ရက်က စပြီး သြဂုတ် ၂၈ ရက်အထိ  လေးရက်ဆက်တိုက်  ညအိပ်တပ်စွဲခဲ့တာပါ။

အခုလိုတပ်စွဲ ပြီး နောက် စစ်ကောင်စီတပ်ဟာ စိတ်ကျန်းမာရေးချို့တဲ့နေသူ  အပါအဝင် ဒေသခံ အမျိုးသားသုံးဦး ကို ဖမ်းဆီးပြီးနောက်သတ်ဖြတ်လိုက်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဟာ  ကျေးရွာအတွင်းက  အရပ်သားပိုင်အသုံးအဆောင်ပစ္စည်းတွေကိုလည်း  တုန်ဖုန်းကား ခြောက်စီး နဲ့ ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ သြဂုတ်လ ၃၀ ရက်၊ မနက်ကစပြီး  ကန့်ဘလူခရိုင် ၊ထန်းကုန်းတိုက်နယ် ၊ သရက်ခေါင်းရွာ ကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၄ ရွာက  ဒေသခံသောင်းချီစစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလိုအပ်နေပါတယ်။