သြဂုတ်၊ ၃၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကွဲမှု ၊ ပစ်ခတ်မှု ၊ သတ်ဖြတ်မီးရှို့မှု၊ လက်နက် ကြီး နဲ့ပစ်ခတ်မူ၊လေကြောင်းကနေပစ်ခတ်မူတွေကြောင့်သြဂုတ်လအတွင်း အရပ်သားခုနစ်ဦးသေဆုံးပြီး နှစ်ဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းနင်းမိတာကြောင့် တဦး၊ လက်နက်ကြီးကြောင့်တဦး၊ ပစ်ခတ်မူကြောင့်သုံးဦးနဲ့ သတ်ဖြတ်မီးရှို့ခံရတဲ့ သားအမိနှစ်ဦးတို့ဖြစ်တယ်လို့ ဒေသတွင်းသေဆုံးမူတွေကို စောင့်ကြည့်မှတ်တမ်းတင်နေသူတဦးကပြောပါတယ်။
” အဆိုးဆုံးကတော့ ကလေးမြို့ကိုဆေးခန်းလာပြတဲ့သားအမိနှစ်ဦးကို စက္ကန့်ရွာအဝင်မှာ လူတွေရော၊ဆိုင်ကယ်ရောသတ်ဖြတ်မီးရှို့ထားခဲ့တဲ့ဖြစ်စဉ်ပါ” လို့အဲဒီမှတ်တမ်းတင်သူကပြောပါတယ်။
ဒီလ ၁၂ ရက်ကကလေးမြို့အနောက်ပိုင်း စက္ကန့်ရွာအဝင်ကျောက်ခွဲစက်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်မီးရှိူ့ထားခဲ့တဲ့ ချင်းတိုင်းရင်း သား သားအမိနှစ်ဦးရဲ့ မီးလောင်ကျွမ်းပြီးရုပ်အလောင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
ဒီလ ၈ ရက်က ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းဘက်မှာ လမ်းကြီးဘေးမှာနင်းမိုင်းနင်းမိတဲ့အတွက် အရပ်သားတဦးသေဆုံးခဲ့ရပြီး မြို့တွင်းမှာစစ်ကောင်စီကပစ်ခတ်မူကြောင့် သြဂုတ် ၁၀ ရက်က တဦးသေဆုံးခဲ့တာပါ။
သြဂုတ်လ ၁၅ ရက်က ကလေးမြို့တောင်ဘက်ကပ်လျက် သာစည်ကျေးရွာကို စစ်ကောင်စီကစစ်ကြောင်းထိုးပြီး လေကြောင်းကနေလည်းပစ်ခတ်ခဲ့တဲ့အတွက် သာစည်ရွာက အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဓာတုလက်နက်သုံးစွဲတာကြောင့်အရပ်သားနှစ်ဆယ်နီးပါး အသက်ရှုလမ်းကြောင်းဆိုင်ရာထိခိုက်မူကိုခံစားခဲ့ရတယ်လို့သတင်းဌာနကတချို့က ဖော်ပြပေမယ့် DNAသတင်းဌာနက တိတိကျကျအတည်မပြုနိုင်သေးပါဘူး။
စစ်ကြောင်းမထိုးခင်ရက်ပိုင်းအလိုမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သာစည်ရွာက အမျိုးသားတဦးသေဆုံးခဲရတယ်လို့လည်းသိရပါတယ်။
သာစည်ကျေးရွာမှာ ဒီလ၁၅ ရက်ကစပြီး ဒီကနေ့အထိ စစ်တပ်က တပ်စွဲထားတာပြီး ရွာတွင်းကအခြေအနေတွေကို အသေးစိတ်မသိရတာကြောင့် နောက်ထပ်သေဆုံးမူတွေရှိမရှိမသိရသေးဘူးလို့ ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် ဒီလအတွင်း စစ်ကောင်စီတပ်ဟာ ကလေးမြို့အနောက်ပိုင်းနဲ့ ကလေးတောင်ဘက်သာစည်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကလေးမြို့တောင်ဘက် သုံးမိုင်အကွာက အိမ်ခြေ ၁,၅၀၀ နီးပါးရှိတဲ့ သာစည်ကျေးရွာကို ဒီလ ၁၆ ကနေ ခုလကုန်အထိရက်ဆက်မီးရှို့နေတာဖြစ်ပြီး ရွာထဲမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် မီးလောင်ကျွမ်းတဲ့နေအိမ်အရေအတွက်ကိုမသိရသေးပါဘူး။