ကြွေးတင်နေတုန်း အွန်လိုင်းကနေ ငွေလိမ်ခံရတဲ့ ထိုင်းအမျိုးသားတဦး မိသားစုဝင်တွေကို သတ်ဖြတ်

သြဂုတ်၊ ၃၁
အကြွေးဝန်ပိပြီး စိတ်ဒုက္ခ ရောက်နေချိန်မျာ အွန်လိုင်းကနေ ငွေလိမ်မှုကိုပါ ခံခဲ့ရလို့ ဒေါသမွှန်သွားတဲ့ ထိုင်းအမျိုးသား တဦးဟာ မိသားစုဝင်တွေကို သတ်ပစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ပါ အားထုတ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု သံသယ တရားခံ ဆာနစ် ဒေါက်ခ်မိုင်အနေနဲ့ စိတ်မထိန်းနိုင်တော့ထိ ဖြစ်သွားစေတဲ့ အွန်လိုင်း ငွေချေး လိမ်လည်မှုမှာ ပါဝင်ဆက်နွှယ်သူ ၁၁ ဦးထက်မနည်း ရှိနိုင်ကြောင်း ဩဂုတ် ၃၀ မှာ ပြောကြားခဲ့ပါတယ်။ ဆာနစ်ဟာ မိသားစု နေအိမ်မှာ ဇနီးဖြစ်သူအပြင် အသက် ၉ နှစ်နဲ့ ၁၃ နှစ်အရွယ် သားနှစ်ဦးကိုပါ ဓားနဲ့ ခုတ်သတ်ပြီး ကိုယ်တိုင်လည်း သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။

ဘန်ကောက်မြို့တော် အရှေ့ဖက်က ဆာမွတ် ပရာကန် ဆင်ခြေဖုံး ရပ်ကွက်ထဲမှာ ဩဂုတ် ၂၈ ရက်တုန်းက ဒဏ်ရာနဲ့ လဲနေတဲ့ ဆာနစ်အပြင် သူ့လက်ချက်ကြောင့် သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

အလောင်းတွေမှာ ဆိုးဆိုးရွားရွား ဓားခုတ် ဒဏ်ရာတွေ ရထားကြောင်း၊ ဆာနစ်ကတော့ သတိရှိနေပေမယ့် လည်ပင်းက ပြင်းထန်တဲ့ ဓားဒဏ်ရာကြောင့် စကားလည်းမပြောနိုင်၊ အစားလည်း မစားနိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရန်ဆန် ကမ်ဆွတ်ခ်က ပြောပါတယ်။

ရဲတွေရဲ့ စုံစမ်းမှုအရ ဆာနစ်ဟာ သူငယ်ချင်း တဦးကို အာမခံပေးမိရာကနေ ဘတ်ငွေ လေးသိန်းလောက် အကြွေးတင်နေကြောင်း၊ သူအာမခံပေးထားတဲ့ သူငယ်ချင်းက ထွက်ပြေးသွားခဲ့လို့ ဆာနစ်က အကြွေးတွေ တာဝန်ယူ ဆပ်ပေးရမယ့် အခြေအနေ ဖြစ်လာကြောင်း၊ အဲဒီအချိန်မှာ သူ့ဇနီးက အွန်လိုင်းက ငွေချေးပေးတယ်ဆိုတဲ့ လိမ်လည်မှု ထောင်ချောက် တခုထဲ တည့်တည့်တိုးဝင်မိပြီး ပြဿနာတွေ ပိုဆိုးသွားလို့ ဆာနစ်က ဒေါသမထိန်းနိုင် ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။ ဆာနစ်ရဲ့ ဇနီးဟာ သူ့ယောက်ျားရဲ့ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့ သွေးရူးသွေးတမ်း ကြိုးစားရင်း အမှားကြုံသွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။

အခု လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့ဟာ အွန်လိုင်းကနေ ငွေလိမ်တဲ့ အဖွဲ့ကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးဖို့ပါ ဝရမ်းထုတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရန်ဆန်က ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေအရ ထိုင်းနိုင်ငံသား ၉ ဦးနဲ့ ကမ္ဘောဒီးယား ၂ ဦးရဲ့ နာမည်တွေကို ဝရမ်းထုတ်ထားကြောင်း သိရပါတယ်။ အဲဒီထဲက အနည်းဆုံး ၁ ဦးကို ဖမ်းမိထားပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် တဦးဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဆာနစ်ရဲ့ ဇနီးဟာ အွန်လိုင်းလိမ်လည်မှုတွေကနေ ဘတ်ငွေ ၁.၇ သန်းလောက် ဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ရဲတွေကို တိုင်ကြားထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီအမှုကို ကိုင်တွယ်နေချိန်မှာပဲ ဆိုးရွားတဲ့ လူသတ်မှုကြီး ဖြစ်ပွားသွားခဲ့တာပါ။

ထိုင်းဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေကို ကိုင်တွယ် ချိုးနှိမ်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ နိုင်ငံတခုပါ။ ၂၀၂၂ ခုနှစ်အတွင်းမှာတင် အွန်လိုင်း လိမ်လည်မှုအတွက် တိုင်ကြားတဲ့ အမှုပေါင်း ၂ သိန်းကျော်ကို လက်ခံရရှိခဲ့ပြီး လိမ်လည်ခံရတဲ့ ငွေပမာဏကလည်း ဘတ်ငွေ ဘီလီယံ ၃၀ (ဒေါ်လာ ၈၅၅ သန်း)လောက်ထိ များပြားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။