Wagner ခေါင်းဆောင် သေဆုံးတဲ့ လေယာဉ်ပျက်ကျမှုမှာ ပြင်ပ ပယောဂတွေ ရှိနိုင်တယ်လို့ ရုရှားပြော

သြဂုတ်၊ ၃၁

Wagner ကြေးစားတပ်ဖွဲ့ အကြီးအကဲ သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုဟာ ပြင်ပ ပယောဂ တခုခုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ရုရှား အစိုးရက အရိပ်အမြွက် မှတ်ချက် ပေးခဲ့ပါတယ်။

ယက်ဗ်ဂျီနီ ပရီဂိုဇင်ဟာ သူ့လက်အောက်ခံ Wagner တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ဇွန်လ ၂၃ ရက်က မော်စကိုထိ ချီတက်ခဲ့တဲ့ ပုန်ကန်မှု တခုကြောင့် ကမ္ဘာသိ ထင်ရှားလာခဲ့သူပါ။ နောက်ထပ် နှစ်လတိတိအကြာ ဩဂုတ် ၂၃ ရက်မှာတော့ သူလိုက်ပါသွားတဲ့ စင်းလုံးငှားလေယာဉ် ပျက်ကျရာက တခြားသူ ၉ ဦးနဲ့အတူ ပရီဂိုဇင် သေဆုံးသွားခဲ့ပါတယ်။

 ပရီဂိုဇင်ဟာ ပုန်ကန်မှု အပြီးကတည်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာပြီလို့ သတ်မှတ် ခံထားရပြီး လေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်မှာ ရုရှား အစိုးရ ရှိနေလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ ပရီဂိုဇင်ကို လုပ်ကြံခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲ ပြောဆိုချက်တွေဟာ မုသားသက်သက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ လေယာဉ်ပျက်ကျမှုက သွေးရိုးသားရိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုတဲ့ အယူအဆမျိုးကိုတော့ ကရင်မလင် နန်းတော်ဖက်က ထုတ်ပြောလာပါတယ်။ ပရီဂိုဇင်ဟာ ရုရှားအစိုးရရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ခဲ့တဲ့တိုင် တခြားရန်သူတွေလည်း တော်တော်များများ ရှိနေသူပါ။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပရီဂိုဇင် သေဆုံးမှုမှာ ကွဲပြားတဲ့ ရှုထောင့် တော်တော်များများကို ထည့်စဉ်းစားဖို့ လိုအပ်ကြောင်း၊ ဥပမာ ရည်ရွယ်ချက်ရှိရှိ လေယာဉ် ပျက်ကျအောင် လုပ်ကြံနိုင်တဲ့ အခြေအနေမျိုးလည်း ရှိချင် ရှိခဲ့နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အရပ်ဖက် လေကြောင်း ပျံသန်းမှု အဖွဲ့က တာဝန်ယူ စစ်ဆေးလာမလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ လောလောဆယ် အဲဒီအဆင့်အကြောင်း မပြောခင် ရုရှားရဲ့ စုံစမ်း စစ်ဆေးရေး အရာရှိတွေက ဘယ်လို အချက်အလက်တွေ တွေ့ရှိလာမလဲ ဆိုတာကို အရင်ဆုံး စောင့်ကြည့်သင့်ကြောင်း ပက်စ်ကော့ဗ်က ပြန်ဖြေခဲ့ပါတယ်။

ဘရာဇီး လေကြောင်း နည်းပညာ ကုမ္ပဏီ Embraerက ထုတ်လုပ်တဲ့ ဂျက်လေယာဉ်ဟာ မော်စကိုကနေ စိန့်ပီတာစဘက်ဂ်ဆီ ဦးတည် ပျံသန်းချိန် မော်စကို မြောက်ပိုင်းနားမှာ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၀ ဦးစလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ပရီဂိုဇင်အပြင် Wagner အဖွဲ့ရဲ့ ထိပ်တန်း အရာရှိ ၂ ဦး၊ ပရီဂိုဇင်ရဲ့ ကိုယ်ရံတော် ၄ ဦးနဲ့ လေယာဉ် အမှုထမ်း ၃ ဦးတို့ ပါဝင်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ စုံစမ်းနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်က ရွာသားတွေဟာ လေယာဉ်ထိုးဆင်းမလာခင် ပေါက်ကွဲသံကြီးတခု ကြားလိုက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ပရီဂိုဇင်ရဲ့ ရုပ်အလောင်းကို ဩဂုတ် ၂၉ ရက်က စိန့်ပီတာစဘက်ဂ် မြို့ထဲက သုဿန်တခုမှာ သူ့ဖခင်ရဲ့ အုတ်ဂူနဲ့ ယှဉ်လျက်သား မြေချ သင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရပါတယ်။