စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းသွားတဲ့ ဖားကန့်ဒေသခံတွေပြန်လွတ်လာ

ဩဂုတ်၊ ၃၀

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖားကန့်မြို့နယ် နန့်ယာဒေသခံတွေနဲ့ ခရီးသွား တွေ စုစုပေါင်း ၃၂ဦးဟာ ဩဂုတ် ၂၈ရက်မှာ ပြန်လွတ်လာကြတယ်လို့ ဖားကန့်ဒေသခံတဦးက DNAကို ပြောပါ တယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဩဂုတ် ၂၄ရက်က နန့်ယားကနေထွက်ခွာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေနဲ့ ခရီးသွားတွေပါဝင်တဲ့ လူ၃၂ဦးကိုလူသား ဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ ဖားကန့်မြို့ အရှေ့ဘက် ၂၂မိုင်ဝန်းကျင်အကွာ ဖားကန့်-ကာမိုင်းလမ်းပေါ်က နန့်ယား ရွာကနေ လုံးခင်း အနီးက နန့်တိန်းရွာဘက်ကိုအသွားမှာ အခုလို အရပ်သားတွေကို ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါ တယ်။

အဲ့ဒီလို ဖမ်းခေါ်သွားပြီးနောက် လေးရက်အကြာ ဩဂုတ်၂၈ရက်မှာတော့ စစ်ကြောင်း နန့်တိန်းရွာကိုရောက် သွား တာကြောင့် ဒေသခံတွေကို ပြန်လွှတ်ပေးလိုက်တာလို့သိရပါတယ်။

“စစ်ကောင်စီတပ်က နန့်ယားကနေ လူသားဒိုင်းအဖြစ်ဖမ်းဆီးတိုင်း နန့်တိန်းစခန်းရောက်ရင် ပြန်လွှတ်ပေးတာ များတယ်၊သူတို့အကုန်လုံး ခရီးသွားကားတွေနဲ့ ပြန်ရောက်လာတာ”လို့ ဖားကန့်ဒေသခံတဦးကပြောပါတယ်။

နန့်ယားရွာနဲ့ နန့်တိန်းရွာတို့ဟာ ကိုးမိုင်ကျော်ကွားဝေးပါတယ်။စစ်ကောင်စီတပ်တွေဟာ နန့်ယားရွာကနေ နန့်တိန်းရွာဘက်ကို ဖြတ်သန်းတိုင်း အခုလိုပဲ အရပ်သားတွေကို ဓားစာခံအဖြစ် မကြာခဏ ဖမ်းခေါ်သွားလေ့ ရှိပါတယ်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တဲ့သူတွေဟာ လမ်းခရီးတလျှောက် အစားအသောက်လုံလုံ လောက်လောက် မစားကြရသလို တိုက်ပွဲတွေနဲ့လည်းကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ပြန်လွတ်လာသူတွေထဲက ခရီးသွားတွေကတော့ နေရပ်ဒေသကို ပြန်သွားကြပြီလို့လည်း သိရပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်မ (၃၃) လက်အောက်ခံ ခမရ(၁၂) စစ်ကြောင်းဟာ ရိက္ခာနဲ့ လက် နက်ခဲယမ်းတွေသယ်ဖို့ နန့်ယားရွာက လူနှစ်ဆယ်တောင်းခဲ့ပြီးအဆင်မပြေတာကြောင့် လူသုံးဆယ် ကျော်ကို အတင်းအကျပ်ဖမ်းခေါ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလအတွင်း ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှာ စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ လူနှစ်ရာ ဝန်းကျင်ကတော့ လက်ရှိအချိန်အထိ သတင်းအစအန မသိရသေးဘူးလို့ ဖားကန့်ဒေသခံက ဆိုပါတယ်။

“သူတို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းလုပ်ပြီး ဖမ်းခေါ်သွားတာက ကြာပြီ၊အခုချိန်အထိ သေတယ် ၊ရှင်တယ်ဆိုတဲ့ ဘာသတင်းမှ မကြားရတော့ဘူး”လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖားကန့်မြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးလာချိန်တွေမှာ ဒေသခံအရပ်သားတွေ အ ထူးသဖြင့် အမျိုးသားတွေကိုဖမ်းခေါ်သွားတာမျိုး မကြာမကြာ လုပ်လေ့ရှိတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။