ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊စစ်သားလေးဦးနဲ့ဓားစာခံတဦးသေဆုံး

ဩဂုတ်၊ ၃၀

မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခုမိုင်းထိလို့ စစ်သားလေးဦးသေဆုံးသွားသလို အဲဒီစစ် ကြောင်းက ဓားစာခံ လမ်းပြအဖြစ်  ဖမ်းခေါ်သွားတဲ့ ဒေသခံ အရပ်သားတဦးပါ သေဆုံးသွားတယ်လို့ ထီးလင်းအ ခြေစိုက် YRA(Yaw Revolution Army)က သခင်ဇော်က DNAကိုပြောပါတယ်။

 စစ်ကောင်စီတပ်ဟာထီးလင်းမြို့တောင်ဘက်က ကျားခဲရွာမှာ ဩဂုတ် ၂၈ရက်ကညအိပ်တပ်စွဲပြီးနောက် မနေ့က မနက်ပိုင်းမှာတော့ရွာသားတဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကာ စစ်ကြောင်းဆက်ထွက်ရင်း အဲ့ဒီရွာအနီးမှာပဲ ဒေသကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းထိပေါက်ကွဲခဲ့ တာ လို့ သခင်ဇော်ကပြောပါတယ်။

“ကျားခဲရွာတောင်ဘက်မှာ ကျွန်တော်တို့ ထောင်ထားတဲ့မိုင်းနဲ့ထိတွေ့မှုဖြစ်ပြီး ရှေ့ပွိုင့်က စကစ လေးဦး အပါအ ဝင် ရွာသားပါဆုံးသွားတယ်ဗျ၊ဒီနေ့မှ ကျွန်တော်တို့နယ်မြေရှင်းလင်းမှုလုပ်ရင်း ဒေသခံအလောင်းတွေ့တာ “ လို့ သူကပြောပါတယ်။

မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ ဒေသခံအရပ်သားရဲ့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီကအဲ့ဒီနေရာမှာပဲ စွန့်ပစ်ထားခဲ့တာကြောင့် ကာကွယ်ရေးတပ်တွေကတွေ့ရှိပြီးနောက် မြေမြှုပ်သင်္ဂြိုလ်ပေးလိုက်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းဟာ အင်အားရှစ်ဆယ်ကျော်ဝန်းကျင်နဲ့ ထီးလင်းမြို့နယ် အတွင်းက ကျေးရွာတွေထဲ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့မှာတော့ ထီးလင်းမြို့မြောက်ဘက်က ပုဏ္ဏား ရွာထဲ ဝင်ရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရောက်လာတာကြောင့် ပုဏ္ဏားရွာနဲ့ ထန်းပင်ကုန်းရွာတို့အပါအဝင် အနီးအနားကျေးရွာ တွေက ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့  သခင်ဇော်က ပြောပါတယ်။