လူကုန်ကူးငရဲခန်းမှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်က စစ်တပ်နဲ့ရဲမိသားစုဝင်တွေပါဝင်လာ

ဩဂုတ်၊ ၃၀

တနေ့တခြား ကြီးထွားလာနေတဲ့ ကျားဖြန်လုပ်ငန်းတွေဆီကို လူကုန်ကူးခံရတဲ့သူတွေထဲမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်က စစ်တပ်နဲ့ ရဲ မိသားစုတွေပါ ပါဝင်လာနေတယ်ဆိုတာကို DNA က စုံစမ်းသိရှိရပါတယ်။

ကျားဖြန်လုပ်ငန်းတွေဟာ ရှမ်းပြည်မြောက်ပိုင်း “ ဝ ”နဲ့ “ ကိုးကန့် ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြိုင် လိုနေရာမျိုးတွေမှာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြပါတယ်။

“ ကျွန်မသမီးလေးပျောက်သွားတုန်းက ရွှေကုက္ကိုလ်မှာပဲလို့ထင်ပြီးလိုက်ရှာပေမယ့် တကယ်တွေ့တော့ လောက်ကိုင်မှာ တကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့ သူနဲ့အတူ ကျွန်မတို့ကယ်ထုတ်ခဲ့တာမှာ ရဲမှူးရဲ့ သား လေးတယောက်လည်းပါတယ် ” လို့ မြဝတီမြို့မှာ နေထိုင်တဲ့ ဒေါ်ခင်မျိုးသန့်က ဆိုပါတယ်။

စစ်တပ်နဲ့ ရဲမိသားစုဝင် အနည်းဆုံး အယောက် ၂၀ ဝန်းကျင်လောက် လူကုန်ကူးခံခဲ့ရတယ်လို့ ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့တွေက ရရှိထားတဲ့စာရင်းတွေအရသိရပါတယ်။

ရွှေကုက္ကိုလ် ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဉီးက “ တရုတ်နယ်စပ်က ကျားဖြန်တွေနဲ့ ဒီကဟာတွေနဲ့က အချိတ်အဆက်ရှိတယ်။ ဟိုဘက်ကလူတွေကို ဒီဘက်ကို ရောင်းစားတာမျိုးရှိသလို ဒီဘက်ကလူတွေကိုလည်း ဟိုဘက်ကိုရောင်းစားတာမျိုးရှိတယ်။ ကျွန်တော် ကူထုတ်ပေးလိုက်တဲ့အထဲမှာ ရဲမှူးတစ်ယောက်ရဲ့သားလည်းပါတယ် သူဆို ဘေးဘက်က သွားနှစ်ချောင်းမရှိတော့ဘူး ” လို့ သူကယ်ဆယ်ခဲ့ရတဲ့သူတွေအကြောင်းကို ပြောပြပါတယ်။

ဒီလိုမျိုး လူကုန်ကူးခံရတာ၊ ကိုယ်တိုင်က သိသိရက်နဲ့ ကျားဖြန်အလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် အလွန်အမင်း အကြမ်းဖက်နှိပ်စက်ခံရတာတွေကြောင့် ကယ်ထုတ်ပေးဖို့ တောင်းဆိုတာတွေဟာ တရက်ကို ၁၀ မှုထက်မနည်းရှိနေတယ်လို့ ကူညီကယ်ထုတ်ရေး လုပ်ပေးနေသူတွေက တညီတညွတ်တည်း အတည်ပြုကြပါတယ်။

“ ညီမက ယောက်ကျားတွေနဲ့ အတူနေရတဲ့ အလုပ်လုပ်ရတာပေါ့။ အလုပ်ပြီးရင် ဟိုတယ်ခန်းထဲမှာ အစောင့်နှစ်ယောက်နဲ့ တိုက်ပိတ်ထားတယ်။ တခါတလေ တရက်လုံး ထမင်းမကျွေးတာမျိုးရှိတယ်။ အဲ့ဒီကနေပြန်လွတ်လာတော့လည်း ပတ်ဝန်းကျင်က နည်းတောင်နည်းသေးတယ်ဆိုတဲ့ ပုံစံမျိုး အထင်သေးသလိုမျိုး ဆက်ဆံတာတွေရှိတယ် ” လို့ မိုင်းပေါက်ကို လူကုန်ကူးခံလိုက်ရတဲ့ အမျိုးသမီးတဉီးက ရှင်းပြပါတယ်။

ဒီအမျိုးသမီးလေးရဲ့ ဖခင်ဖြစ်သူကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်က တပ်ထဲမှာ အရာခံတာဝန်ထမ်းဆောင်နေသူတဉီးဖြစ်ပါတယ်။

ဒါအပြင် လူကုန်ကူးမှုတချို့ကို စစ်ကောင်စီလက်အောက်က စစ်သားနဲ့ ရဲ တချို့ပူးပေါင်းပါဝင်နေတယ်လို့ “ ဝ ” ပြည်နယ် မိုင်းပေါက်မှာရှိနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ ကျွန်တော်က ကားဆွဲတယ်။ အများစုလူကြိုရတာ လားရှိုးနဲ့ မူဆယ်မှာ လူကြိုရတယ်။ တခါတခါ ရဲတွေကိုယ်တိုင်က ကောင်လေးတွေ ကောင်မလေးတွေကို ကားပေါ်တင်ပေးလိုက်တာမျိုး ရှိတယ်။တချို့ကျ ရိုးရိုးလာတာမျိုးဖြစ်နိုင်ပေမယ့် တချို့ကတော့ ရောင်းစားခံရတာ သေချာတယ်။ ကျွန်တော်ကတော့ ‌ရောင်းစားခ့ရတယ်လို့ သံသယရှိရင် ကျွန်တော်တို့လူတွေကို ဆက်သွယ်ပြီး ပြန်ကယ်ထုတ်ဖို့လုပ်ရတာပေါ့။ ဒါနဲ့ပတ်သက်လို့ပြောရင်လည်း PDF လို့ခေါင်းစဉ်တပ်မှာ စိုးရသေးတယ် ” လို့ အမည်မဖော်လိုသူ ကားဆရာတဉီးက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ ကျားဖြန်လုပ်ငန်းတွေဟာ အဆမတန်ကြီးထွားလာနေသလို ပြည့်တန်ဆာ အလုပ်လုပ်ဖို့၊ ဒစ်ဂျစ်တယ်လိမ်လည်မှုတွေလုပ်ဖို့၊ ကာစီနိုရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ စတဲ့ အလုပ်ခေါ်စာတွေဟာ ပေါ်ပေါ်တင်တင်ဖြစ်လာနေပါတယ်။

ဒါနဲ့ပတ်သက်လို့ NUG သမ္မတရုံးပြောခွင့်ရသူ ဉီးကျော်ဇော က “ ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ ဒီငရဲခန်းတွေချုပ်ငြိမ်းသွားဖို့ဆိုတာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့လိုတယ်။ စစ်အာဏာရှင်တွေကြောင့် အာဏာရူးမှုတွေကြောင့် ဒီလုပ်ငန်းတွေဟာ ကြီးထွားလာတာဖြစ်တယ် ” လို့ ဆိုပါတယ်။

ကျားဖြန်လုပ်ငန်းတွေထဲမှာ ဒုက္ခရောက်နေကြသူတွေဟာ မြန်မာနိုင်ငံသားတွေချည်းပဲတော့ မဟုတ်ပါဘူး။ 

အဲ့ဒီဒေသတွေမှာ နေထိုင်နေတဲ့သူတွေဆီက သိရတဲ့ သတင်းအချက်အလက်တွေအရ မြန်မာပြည်တွင်းက ကျားဖြန်လုပ်ငန်းတွေမှာ ဒုက္ခရောက်နေကြသူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်လူမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျမှုနဲ့ စားဝတ်နေရေး ကြပ်တည်းလာမှုတွေကြောင့် ဒီလုပ်ငန်းတွေဆီကို မြန်မာလူငယ်တွေ လာရောက်ကြတာ၊ လူကုန်ကူးခံရတာတွေဟာ တစထက်တစ အဆပေါင်းများစွာ များပြားလာနေတယ်လို့ ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့တွေက အတည်ပြုကြပါတယ်။

ဒါကြောင့် ဒီလိုအများအပြားရောက်ရှိလာကြတဲ့ မြန်မာလူငယ်လေးတွေကို မြန်မာပြည်ထဲမှာ မထားဘဲ အခြားသောနိုင်ငံတွေက ကျားဖြန်လုပ်ငန်းတွေဆီကို ရောင်းစားခံရ မျိုးတွေလည်း ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသူတွေက ခန့်မှန်းကြပါတယ်။

ILO က ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းချက်မှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၁ ဒဿမ ၆ သန်းရှိနိုင်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “၂၀၂၂ ခုနှစ်အတွက် လူကုန်ကူးမှုအစီရင်ခံစာ”မှာလည်း မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အနိမ့်ဆုံးစံချိန်စံနှုန်းများကိုပင် ပြည့်မီခြင်းမရှိဘဲ အထူးကြိုးပမ်းမှုမရှိတဲ့ နိုင်ငံအဖြစ် စာရင်းထည့်သွင်းထားပါတယ်။