မင်းတပ်မြို့မှာ လျှပ်စစ်မီးမရတာ သုံးလနီးပါးရှိပြီး ဒေသခံတွေအခက်အခဲကြုံနေ

ဩဂုတ်၊ ၃၀

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ လျှပ်စစ်မီးမရတာ သုံးလနီးပါးရှိလာပြီဖြစ်လို့ အခက်အခဲတွေကြုံတွေ့နေရတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။

“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မီးတိုင်ကျိုးသွားတာ၊ အဲကတည်းကနေ မရတော့တာ၊ သူတို့ ပြန်လည်းမပြင်ဘူး” လို့ မင်းတပ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဇွန်လအစောပိုင်းက မင်းတပ်မြို့နဲ့ ကျောက်ထုမြို့ကြား ချင်းကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မဟာဓာတ်အားလိုင်း ဓာတ်တိုင် ထိမှန်ကျိုးကျခဲ့ပြီးကတည်းက လျှပ်စစ်မီးမရတာလို့ ဆိုပါတယ်။

“အခက်အခဲတွေကတော့ ရှိတာပေါ့။ ထမင်း၊ ဟင်း ချက်ရင်တော့ ထင်းတွေ၊ မီးသွေးတွေနဲ့ ပဲချက်ရတာ။ အခုက မီးသွေးတွေကလည်း စျေးတွေတက်လာတယ်၊ မြို့ပေါ်မှာဆို မီးသွေးအိတ်ကြီးတအိတ် တသောင်းကျော်တယ်၊ အရင်ကဆို လေးထောင်ဝန်းကျင်ပဲရှိတယ်” လို့ အဲဒီမင်းတပ်မြို့ခံက ပြောပါတယ်။

တိုက်ပွဲတွေ မဖြစ်ပွားခင်က လူဦးရေ နှစ်သောင်းဝန်းကျင်ရှိတဲ့ မင်းတပ်မြို့မှာ လက်ရှိမှာတော့ မြို့ခံ ခြောက်ထောင်ဝန်းကျင်လောက်သာ မြို့ထဲနေထိုင်ကြပြီး တခါတလေ မီးစက်နှိုး အသုံးပြုတာတွေလည်းရှိတယ်လို့ နောက်ထပ်မင်းတပ်မြို့ခံတဦးက ပြောပါတယ်။

“ဖုန်းတလုံးကို ငါးရာနဲ့ ဖုန်းအားသွင်းပေးတာမျိုးတွေရှိတယ်။ မီးစက်နှိုးပြီးသွင်းတာ။ ဓာတ်ဆီစျေးတွေလည်းကြီးတယ် ဒီမှာ။ တလီတာ တဗူးကို လေးထောင်ကျော်တယ်။ ဆိုလာပြားနဲ့ သုံးကြတာလည်းရှိတယ်။ စစ်တပ်ဘက်ကတွေလည်း တော်တော်အခက်အခဲဖြစ်နေကြတယ်၊ အောက်ခြေကကောင်တွေဆို ဖုန်းအားသွင်းမရလို့ ဖုန်းတောင် မသုံးရဘူးကြားတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မင်းတပ်မြို့ထဲကို ဓာတ်ဆီ၊ မီးသွေးသယ်ဆောင်တဲ့သူတွေကို ဖမ်းဆီးတာတွေရှိလို့ ခိုးဝှက်သယ်ယူနေရတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလကတည်းက စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်းဖြတ်တောက်တာ၊ လျှပ်စစ်မီးဖြတ်တောက်တာတွေကို အရင်ကလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

“ဖုန်းလိုင်းက ဖြတ်လိုက် ပြန်ဖွင့်လိုက်ပဲ၊ အင်တာနက် လုံးဝဖြတ်ထားတာတော့ကြာပြီ၊ တနှစ်လောက်တောင်ရှိပြီ” လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ကိုယောမာန်က ပြောပါတယ်။

လက်ရှိ မင်းတပ်မြို့အတွင်းမှာတော့ ခြေလျင်တပ်ရင်း (ခလရ) ၂၇၄၊ မင်းတပ်မြို့မရဲစခန်းတို့အပါအဝင် စစ်ကောင်စီတပ်က တပ်စခန်းချထားတဲ့ နေရာ ခုနစ်နေရာထက်မနည်းရှိပြီး အခု သြဂုတ်လ တလအတွင်းမှာပဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီဘက်က ဆေးရုံး၊ ကျောင်းနဲ့ ဌာနဆိုင်ရာ ရုံးတချို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်လောက်ကနေ တပတ်လောက်ကြာတဲ့အထိ ပိတ်ထားခဲ့ပါသေးတယ်။