စစ်ကောင်စီရဲ့အွန်လိုင်းနဲ့ ပုံနှိပ်ထီ အရင်လထက် ရောင်းအားပိုနည်း

သြဂုတ်၊ ၃၀
 
စစ်ကောင်စီက သြဂုတ်လမှာ ရောင်းချတဲ့ အွန်လိုင်းထီနဲ့ ပုံနှိပ်ထီဟာ အွန်လိုင်းထီ စတင်ပြီးနောက် ပြီးခဲ့တဲ့နှစ်လကနည်း​တူ လက်ကျန်တဝက်နီးပါး ရှိခဲ့သလို ဇူလိုင်လထက်လည်း ရောင်းအား ပိုနည်းသွားတယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနခွဲက သြဂုတ်လမှာလည်း ဇွန်၊ ဇူလိုင်လကလို အွန်လိုင်းထီအတွက် အက္ခရာခြောက်လုံး၊ ပုံနှိပ်ထီအတွက် အက္ခရာခြောက်လုံး ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ထီရောင်းအားကတော့ တက်မလာဘဲ အရင်လတွေလိုပဲ လက်ကျန်​ထီလက်မှတ်စောင်ရေ သန်းနဲ့ချီ ဌာနမှာ ကျန်ရှိနေသလို ထီကိုယ်စားလှယ်တွေဆီမှာလည်း ရောင်းမထွက်ဘဲ ပိုက်မိနေတဲ့ ထီလက်မှတ် အများအပြား ရှိနေတယ်လို့ ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
“ ထီရုံးမှာကို လက်ကျန်က တဝက်လောက်ကျန်နေတာ၊ ရောင်းနိုင်တဲ့ ထီဆိုတာကလည်း ကိုယ်စားလှယ်တွေက ထီရုံးက​နေ မဖြစ်မနေ ထုတ်ထားရလို့၊ ဝယ်ယူသူလက်ထဲ အကုန်ရောက်သွားတာ မဟုတ်ဘူး၊ ထီသည်တွေ ပိုက်မိတာကတောင် ပိုများဦးမယ် ” လို့ ပန်းဘဲတန်းမြို့နယ်က ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
အွန်လိုင်းထီ မထွက်ခင် အောင်ဘာလေသိန်းဆုဌာနခွဲက တလကို ထီအက္ခရာ ခုနှစ်လုံး ရိုက်နှိပ်ရောင်းချခဲ့ပေမယ့် အွန်လိုင်းထီဖွင့်တဲ့ လကစလို့ အက္ခရာ ၁၂ လုံးအထိ ထုတ်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီလို အက္ခရာတိုးထုတ်ပေမယ့် ထီလက်မှတ်ရောင်းအားဟာ အက္ခရာ ခြောက်လုံးနီးပါးလောက်သာ ရှိခဲ့ပြီး အဲဒီထဲကမှ အွန်လိုင်းထီလက်မှတ်ရောင်းအားက အနည်းအကျဥ်းသာ ပါဝင်တယ်လို့ ထီကိုယ်စားလှယ်အသိုင်းအဝိုင်းက ဆိုပါတယ်။
 
အခုလမှာ ထီလက်မှတ်ရောင်းချရငွေ ကျပ်သန်း ၅၂၀၀ ကျော်ရှိပြီး ဇူလိုင်လကထက် ထီရောင်းရငွေ ၁၅ သန်းနီးပါး နည်းပါးခဲ့တာဖြစ်ပါတယ်။
 
စစ်ကောင်စီက ရောင်းအားကျဆင်းနေတဲ့ ထီစနစ်ကို ပြန်လည်အသက်ဝင်စေဖို့ အွန်လိုင်းထီကို ဇွန်လမှာ စတင်ခဲ့ပေမယ့် မျှော်မှန်းထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့လည်း ထီကိုယ်စားလှယ်တွေက ဆိုပါတယ်။
အောင်ဘာလေထီဟာ သုံးလစာ ကြိုတင်ရိုက်နှိပ် ပြင်ဆင်ရတာဖြစ်ပြီး အွန်လိုင်းထီစနစ် စတင်တာသုံးလ ပြည့်ပြီးနောက် စက်တင်ဘာလကစလို့ ရောင်းချမှုပုံစံ ပြောင်းလဲကျင့်သုံးနိုင်တယ်လို့လည်း သူတို့က ခန့်မှန်းပါတယ်။
 
“ ဖြစ်နိူင်ခြေများတာက စက်တင်ဘာကစပြီး အက္ခရာ လျှော့ထုတ်လောက်တယ်၊ အွန်လိုင်းထီက အလုပ်မဖြစ်တော့ ဘယ်လိုပုံစံ ပြောင်းမလဲတော့ မသိဘူး၊ အပြောင်းလဲတော့ လုပ်နိူင်တယ် ” လို့ ဝါရင့်ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
အဲဒီအွန်လိုင်းထီကို စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ Mytel က နည်းပညာပိုင်းကနေ ဖက်စပ်လုပ်ကိုင်ခွင့် ရထားတာဖြစ်ပြီး အကျိုးအမြတ် ဘယ်လိုခွဲယူတယ်ဆိုတာတော့ မသိရသေးပါဘူး။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ဝင်ငွေရလမ်းကို ဖြတ်တဲ့အနေနဲ့ရော အာဏာဖီဆန်ရေးလှုပ်ရှားမှုတခု အနေနဲ့ပါ ပြည်သူအများစုက အောင်ဘာလေထီကို မထိုးဘဲ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အောင်ဘာလေထီကို ပြည်သူတွေ ပြန်စိတ်ဝင်စားလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးဆွဲဆောင်နေပေမယ့် အလုပ်မဖြစ်ဘဲ ရောင်းအား ဆက်လက်ကျဆင်းမှုနဲ့ ကြုံနေရတာပါ။
 
“ မဖြစ်မနေ ထိုးရမယ်ဆိုတဲ့ သူတွေရှိနေလို့သာ ရပ်မသွားတာ၊ အခု မဖြစ်မနေ ထိုးနေရတဲ့သူတွေတောင် အထွေထွေအကျပ်တည်းတွေကြောင့် ညည်းနေကြပြီ ” လို့ အရပ်သားအစိုးရလက်ထက်က လစဥ်ထီကံစမ်းလေ့ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်ထက်မှာ ထီလက်မှတ်ရောင်းအားဟာ အက္ခရာ ခြောက်လုံး ရောင်းထွက်ဖို့ ကျားကန်နေရပေမယ့် အာဏာသိမ်းမှု မတိုင်ခင်က ထီအက္ခရာအလုံး ၄၀ ကျော် ထုတ်လုပ်ရောင်းချနိူင်တဲ့အထိ ပြည်သူတွေရဲ့ အားပေးမှု ရှိခဲ့တယ်လို့ ထီကိုယ်စားလှယ်တွေက ဆိုပါတယ်။
 
ဓာတ်ပုံ – Google