ဘီးလင်းမြို့မှာ လူမှုရေးအသင်းကား ပစ်ခတ်ခံရလို့ လူနာတဦး ဒဏ်ရာရ

သြဂုတ်၊ ၃၀
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဩဂုတ်လ ၂၉ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ လူမှုကူညီရေးအသင်းကားနဲ့ ဆေးခန်းသွားပြတဲ့ လူနာတဦး လမ်းမှာ သေနတ်ပစ်ခံရတယ်လို့ လူမူကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
 
” မော်လမြိုင်မှာ ဆေးခန်းသွားပြတာ။ လမ်းမှာ စစ်ကားတန်းကို တွေ့တော့ ကျော်တတ်တာ အဲမှာ ပစ်ခံရတာပဲ။ အနောက်ကနေ လှမ်း ပစ်လိုက်တာမျိုးပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေနတ်ပစ်ခံရမှုကြောင့် ကျိုက်ထိုမြို့နေ အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေစင်ဆိုသူမှာ ညာဘက်ပေါင်နဲ့ ဘယ်ဘက်ခြေသလုံးတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး သထုံဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
 
ကျိုက်ထိုမြို့ကနေ မော်လမြိုင်မြို့ကို ဆေးခန်းသွားရောက်ပြသဖို့ တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကားနဲ့ လာရောက်စဉ်မှာ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအုပ်စု၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုမှ ခြုံခိုပစ်ခတ်ခဲ့တာပါ။
 
” ဖြစ်ချင်တော့ ကားထဲပါတာက ကားသမားအပါဆို လေးယောက်။ လူနာ အဒေါ်က နှစ်ချက် ထိသွားတာ။ ကျန်တဲ့သူ တယောက်မှ မထိဘူး။ သူကလည်း အစကတည်းက လမ်းကောင်းကောင်း လျှောက်လို့မရဘူး။ ကံဆိုးချင်တော့ဗျာ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
အဲဒီပစ်ခတ်မှုက ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ဖို့ သထုံခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေထံကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကျိုက်ထိုကနေ ပဲခူးဘက်ကို လာတဲ့ စစ်ကား ခြောက်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်ကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားသုံးဦး ကျည်ရှပ်ထိဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
 
သထုံခရိုင်အတွင်းက ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပိုင်းကို အသုံးပြုနေကြတဲ့သူ တွေအနေနဲ့ စစ်ကောင်စီနဲ့ အတူသွားလာတာ၊ စစ်ယာဉ်တန်းတွေနဲ့ နီးကပ်စွာ သွားလာတာတွေ မလုပ်ကြဖို့၊ သတ်မှတ်အချိန်အတွင်းမှာ သွားလာကြဖို့ နဲ့ လိုက်နာမှုမရှိရင် ဖြစ်လာတဲ့ ကိစ္စ မိမိသာဝန်သာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပါတယ်။
 
“ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ လူမူကူညီရေးအသင်းကားတွေလည်း ရှောင်သင့်တာတွေ ရှောင်ပါတယ်။ ပြည်သူတွေ အခက်အခဲဖြစ်နေရင်တော့ သွားရလာရတာ ကူညီပေးရတာ ရှိပါတယ် ” လို့ ကျိုက်ထိုမြို့နယ်အခြေပြု လူမူကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်