ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ မိုးထဲရေထဲ စစ်ရှောင်ရပြန်

သြဂုတ်၊ ၃၀
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေကို သြဂုတ်လ ၃၀ ရက် မနက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ သောင်းချီ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
 
“ ဒီနေ့မနက် နှစ်နာရီလောက်မှာ ရုတ်တရက် သရက်ခေါင်းရွာကို ဝင်လာတာ။ ဘာတိုက်ပွဲမှ ဖြစ်တာမျိုး မရှိဘူးဗျ။ ရုတ်တရက်မနက်ပိုင်းမှာ ဝင်လာတာဗျ။ ရွာထဲ စဝင်တယ်ဆို သူတို့လုပ်နေကျအတိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ပြီး ဝင်တယ်။ အခုတော့ ငြိမ်နေတယ်ဗျ ” လို့ ကန့်ဘလူမြို့နယ်၊ သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီ စစ်ကြောင်းကြောင့် ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်ဦး၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာနဲ့ လက်ထုန်ကုန်း အပါအဝင် အနည်းဆုံး ကျေးရွာ ၁၄ ရွာခန့်က ဒေသခံသောင်းချီ စစ်ရှောင်နေရတာပါ။
 
စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၆၁) ကစစ်ကောင်စီ တပ်သားတွေ နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၁၅၀ ကျော်ဟာ သြဂုတ်လ ၂၉ ရက်မှာ ချင်းမြစ်ကျင်း ကျေးရွာမှာ ညအိပ်တပ်စွဲပြီးနောက် ဒီကနေ့မနက် ၂ နာရီခန့်မှာ သရက်ခေါင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
 
အဲဒီစစ်ကြောင်းကြောင့် ဒေသခံသောင်းချီ စစ်ရှောင်ခဲ့ရသလို ကျေးရွာတွေထဲ ပိတ်မိနေတဲ့ သူတွေရှိသလို ဖမ်းခံထားရတဲ့ အရပ်သားတွေ ရှိနေပေမယ့် အခြေနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ကန့်ဘလူမြို့နယ်၊ သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ဆိုပါတယ်။
 
“ ပိတ်မိနေတဲ့သူတွေ ဖမ်းမိခံရတဲ့သူတွေ ရှိတယ်လို့တော့ ကျွန်တော်တို့ကြားတယ်။ အတိအကျ ဘယ်နှစ်ယောက်ဖမ်းမိတယ်။ ဘယ်သူတွေ ဖမ်းခံရလဲ ဆိုတာတော့ ကျွန်တော်အတိအကျ မသိရသေးဘူးဗျ “ လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
လက်ရှိမှာ ကန့်ဘလူမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ဒေသခံတွေဟာ မိုးရေထဲ စစ်ရှောင်နေရပြီး နေရေးထိုင်ရေးအတွက် အမိုးအကာအပါအဝင် စားရေးသောက်ရေး အခက်အခဲတွေ ရှိနေတာပါ။
 
“ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က ညတည်းက မိုးက အဆက်မပြတ်ရွာနေတာ ဒီနေ့မနက်ထိလည်း ရွာနေတယ်ဗျာ။ ဒေသခံတွေအတွက် နေစရာရော စားစရာရော ခက်ခဲတာပေါ့။ မိုးရွာတော့ လမ်းတွေက မကောင်းဘူး။ ပိုခက်ခဲတာပေါ့ဗျာ “ လို့ ကန့်ဘလူမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ဆိုပါတယ်။
 
ဓာတ်ပုံ – Infinity Group
ပုံစာ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင်တွေကို တွေ့ရစဉ်။