G20 ညီလာခံ တက်ဖြစ်မှာ မဟုတ်ကြောင်း မိုဒီကို ပူတင် ဖုန်းဆက် အသိပေး

သြဂုတ်၊ ၃၀

G20 ထိပ်သီး ညီလာခံဆီ တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အိမ်ရှင် အိန္ဒိယ အစိုးရဆီ အသိပေးခဲ့ပါတယ်။

ပူတင်က အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကို ဆက်သွယ်ပြီး စက်တင်ဘာလကျရင် ဒေလီမြို့တော်မှာ ကျင်းပမယ့် G20 ညီလာခံကို သူတက်ရောက်မှာ မဟုတ်ဘူးလို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် G20 ညီလာခံကို စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ကျင်းပသွားမှာပါ။

ပူတင်က မိုဒီဆီ ဖုန်းဆက်ပြီး ညီလာခံဆီ သူ့ကိုယ်စား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို စေလွှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဖုန်းဆက် စကားပြောချိန်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စတချို့ကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိကတော့ ပူတင်ဟာ စီစဉ်ထားတဲ့ အလုပ်ကိစ္စတွေ အရမ်းရှုပ်နေတာကြောင့် G20 ညီလာခံကို တက်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ပူတင်ဟာ မကြာသေးခင်က တောင်အာဖရိက နိုင်ငံမှာ ကျင်းပခဲ့တဲ့ BRICS ညီလာခံကိုလည်း မတက်ရောက်ခဲ့ဘဲ သူ့ကိုယ်စား လက်ဗ်ရော့ဗ်ကိုသာ စေလွှတ်ခဲ့ပါတယ်။ နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ ပူတင်ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ စွဲချက် တင်ခံထားရတာကြောင့် အဖမ်းခံရနိုင်တဲ့ အခြေအနေကို ရှောင်လွှဲဖို့ BRICS ညီလာခံကို မတက်ခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးထားကြပါတယ်။

G20ဟာ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံ ၁၉ ခုနဲ့ ဥရောပ သမဂ္ဂတို့ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အလှည့်ကျ စနစ်အရ အိန္ဒိယဟာ လောလောဆယ် G20ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ဒေလီမှာ ကျင်းပမယ့် ညီလာခံမှာတော့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲဟာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကြား အဓိက အလေးထား ဆွေးနွေးမယ့် အဓိက ခေါင်းစဉ် ဖြစ်လာနိုင်ပါတယ်။

 

Ref: CNN