ကတ်ထူစက္ကူ ဒရုန်းတွေ သုံးပြီး ရုရှား တိုက်လေယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းဆို

သြဂုတ်၊ ၃၀

ကတ်ထူစက္ကူနဲ့ တည်ဆောက်ထားတဲ့ ဒရုန်းတွေကို အသုံးပြုပြီး ရုရှားရဲ့ ဂျက်တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

ယူကရိန်း လုံခြုံရေးဗျူရို (SBU)က ရုရှားနိုင်ငံ အနောက်ပိုင်း၊ ကာ့စ်ခ်ဒေသမှာရှိတဲ့ လေတပ်စခန်း တခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး MiG-29 တိုက်လေယာဉ် တစီး၊ SU-30 တိုက်လေယာဉ် ၄ စီးကို ထိခိုက် ပျက်စီးစေခဲ့ကြောင်း ပြောပါတယ်။ ထူးခြားချက်ကတော့ အဲဒီ မစ်ရှင်မှာ ယူကရိန်းက ကတ်ထူစက္ကူနဲ့ လုပ်ထားတဲ့ ဒရုန်းတွေကို အသုံးပြုခဲ့တယ် ဆိုတာပါပဲ။ 

တိုက်လေယာဉ်တွေအပြင် S-300 လေကြောင်းကာကွယ်ရေး စနစ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Pantsir ဒုံးကျည်ပစ်စင် နှစ်ခုပါ ကတ်ထူစက္ကူ ဒရုန်းတွေကြောင့် အပျက်အစီး ရှိခဲ့တယ်လို့ SBUက ဆိုပါတယ်။

ရုရှားကို လိုလားတဲ့ စစ်ရေး Blogတခုကတော့ ယူကရိန်းဟာ ဩစတြေးလျက ထောက်ပံ့ထားတဲ့ ကတ်ထူစက္ကူ ဒရုန်းတွေကို စစ်မြေပြင်မှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့ဟန် ရှိတယ်လို့ ဖော်ပြထားပေမယ့် တိုက်လေယာဉ်တွေနဲ့ ဒုံးကျည် ပစ်စင်တွေ ပျက်စီးသလား ဆိုတာကိုတော့ ထည့်ပြောမသွားခဲ့ပါဘူး။

ဩစတြေးလျရဲ့ SYPAQ ကာကွယ်ရေး နည်းပညာ လုပ်ငန်းက ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ Corvo Precision Payload သယ်ယူပို့ဆောင်ရေး ဒရုန်းတွေ ထုတ်လုပ်မယ့် ကန်ထရိုက် စာချုပ်ကို အစိုးရဆီက လက်ခံ ရရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေဟာ သာမန်အားဖြင့်တော့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ရည်ရွယ် တည်ဆောက်ထားပြီး ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ဆောင်နိုင်သလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

ဩစတြေးလျ နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဗာဆီးလ် မိုင်ရိုရှင်ချန်ကိုကတော့ ရုရှား လေတပ် စခန်းတွေကို တိုက်ခိုက်တဲ့ နေရာမှာ ဩစတြေးလျ ထောက်ပံ့ထားတဲ့ ကတ်ထူစက္ကူ ဒရုန်းတွေကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ တခုဖြစ်တဲ့ Xမှာ ရေးသားထားခဲ့ပါတယ်။

SYPAQကတော့ သူတို့ရဲ့ ဒရုန်းတွေဟာ​ ထောက်လှမ်းရေးနဲ့ သယ်ယူပို့ဆောင်ရေး အတွက်သာ အဓိက ဒီဇိုင်းထုတ် တည်ဆောက်ထားတာလို့ ပြောပါတယ်။

SBUရဲ့ အဆိုသာ မှန်ကန်ပြီး တိုက်လေယာဉ်တွေသာ ပျက်စီးခဲ့တယ် ဆိုရင်တော့ ရုရှားအတွက် အကြီးအကျယ် အထိနာတဲ့ အခြေအနေလို့ သတ်မှတ်ရမှာပါ။ SU-30 တစီးဟာ ပျမ်းမျှ ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၅၀ နဲ့ သန်း ၁၀၀ ကြားလောက်ထိ ကျသင့်နိုင်ကြောင်း သိရပါတယ်။

 

Ref: Insider