သြဂုတ်၊ ၂၉
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီကနေ့ သြဂုတ်လ ၂၉ ရက် မနက် ၉ နာရီခွဲလောက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာ ခံခဲ့ရပြီး ထိခိုက်မှုရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၄ ကနေ ခြေလျင် ထွက်လာတဲ့ အင်အား သုံးဆယ် ထက်မနည်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စာတိုက်လမ်းဆုံအနီးမှာ ချင်းကာကွယ်ရေးတပ်မင်းတပ် တပ်ဖွဲ့ဝင် တွေက နေရာသုံးခုကနေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“စစ်တပ်က ရေထွက်လာခပ်တာ၊ သူတို့ ရေထွက်လာခပ်ရင် အဲလိုပဲ အရှေ့ကနေ ကြိုထွက်ပြီး ကင်းလှည့်တာ၊ အ ခုလည်း ကြိုထွက်လာတဲ့ကောင်တွေ ပစ်ခံထိတာ၊ နှစ်ယောက်တော့(စစ်တပ်) လဲသွားတယ် ပြောတယ်၊ အော်ပြီး အကူအညီတောင်းနေတယ်တဲ့ အဲနှစ်ယောက်က၊ သေ မသေတော့ မသိဘူး” လို့ ချင်းကာကွယ်ရေးတပ် CDF မင်းတပ်နဲ့ နီးစပ်တဲ့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အဲဒီလို တိုက်ခိုက်ခံရပြီးနောက်မှာ မိနစ်နှစ်ဆယ်လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ် ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အနီးအနားရှိ လူနေအိမ်တွေဘက်ကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာတွေ လုပ် ခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။
အလားတူပဲ ဒီကနေ့ ညနေ လေးနာရီခွဲလောက်မှာလည်း မင်းတပ်မြို့မရဲစခန်းကို CDF မင်းတပ် က တပ်ဖွဲ့ဝင် တချို့ စနိုက်ပါသေနတ်နဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တဦးထိမှန်ခဲ့တယ်လို့ ဆိုပါ တယ်။
“ချောင်းပြီးသွားပစ်တာ တကောင်ထိတယ်တဲ့၊ ထိတဲ့လူကို ဝိုင်းကူဆွဲဖို့ အော်သံတွေကြားရတယ်၊ မင်းတပ်မြို့ ပတ် ပတ်လည်မှာက ကာကွယ်ရေးတပ်တွေရှိနေပြီ၊ တိုက်ပွဲလည်း ခဏခဏပဲဖြစ်တာ၊ မြို့ခံတွေကတော့ မြို့ထဲမှာပဲ ရှိကြသေးတယ်” လို့ အဲ့ဒီ မင်းတပ်မြို့ခံက DNA ကို ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီဘက်က ဆေးရုံ၊ ကျောင်း နဲ့ ဌာနဆိုင်ရာ ရုံးတချို့ကို သြဂုတ်လ ၂၁ ရက်ကတည်းက ပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ ရုံးတချို့ကို ပြန်ဖွင့်ထား ပေမယ့် ဝန်ထမ်းတွေ ရုံးပုံမှန်တက်နေတာတော့ မရှိသေးဘူးလို့ သိရပါတယ်။