စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို စနိုက်ပါနဲ့ပစ်လို့ ဒုရဲအုပ်တဦး သေဆုံးတယ်လို့ မြိုင်ပကဖပြော

သြဂုတ်၊ ၂၉
 
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် တခုကို ဒီကနေ့မနက်ပိုင်းက စနိုက်ပါနဲ့ ပစ်ခတ်ရာမှာ ဒုရဲအုပ်တဦး ထိမှန်သေဆုံးသွားတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
မြိုင်မြို့နယ် အနောက်ဖက်က ကိုးတောင်ဘုန်းကြီးကျောင်း မှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ခုနစ်နာရီဝန်းကျင်မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က စနိုက်ပါသေနတ်နဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ ဒုရဲအုပ်က မနက်မျက်နှာသစ်ပြီးတော့ အဲ့စစ်ဆေးရေးဂိတ် ဘန်ကာနားလာပြီးတော့ ရဲတွေ ပျူတွေနဲ့ ရပ်စကားပြောနေပုံရတယ်ဗျ၊ အဲ့လိုပြောနေဆိုနေတဲ့အချိန်မှာ ကျွန်တော်တို့ ကလေးတွေက စောင့်ပြီး ပစ်လိုက်တာ လဲကျသွားတယ်၊ ကျွန်တော်တို့က စနိုက်ပါနဲ့ပစ်တော့ မြင်ရတယ်လေ၊ လဲကျသွားတာ မြင်တယ်၊ ထပ်စုံစမ်းကြည့်တော့ သေသွားတယ်လို့ အတည်ပြုလို့ရတယ် ” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
 
သေဆုံးသွားသူဟာ မြိုင်မြို့နယ်ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်း လို့ သိရပါတယ်။
 
အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ ရှိပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား မကြာမကြာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိပြီး ဩဂုတ် ၂၇ရက်ကလည်း ကိုင်းတောမ ရဲစခန်း၊ သရက်ကန် ပျူရွာစခန်းနဲ့ မြိုင်ကပစ (၂)ဆီ သွယ်တန်းထားတဲ့ ရေစက်တို့ကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
 
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ် မသိရပေမယ့် ကာကွယ်ရေးတပ်တွေဘက်ကတော့ ပခုက္ကူ Underground အဖွဲ့က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ