ထန်တလန်က စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တဲ့ တော်လှန်ရေးအင်အားစုက ၁၁ ဦးကျဆုံး

သြဂုတ်၊ ၂၉
 
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သြဂုတ်လ ၂၈ ရက်၊ မနက်ပိုင်းက သွားရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ၁၁ ဦးကျဆုံးခဲ့ပါတယ်။
 
” တိုက်ပွဲကတော့ ရှိပါတယ်။ ထန်တလန်မှာပဲ ဖြစ်နေတာပေါ့။ ၁၁ ယောက်ကျတာတော့ သေချာပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေပဲ အတိအကျတော့ ပြောလိုမရဘူး။ နှစ်ဖက် အကျအဆုံးတွေ များနေတယ် ” လို့ CDF ဇိုဖေအဖွဲ့က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အဲဒီတိုက်ပွဲမှာ CAN အဖွဲ့က ရဲဘော် ငါးဦး၊ CDF ဇိုဖေက ရဲဘော် လေးဦး၊ CDF- ဟားခါးက ရဲဘော် တဦး နဲ့ CDF-ထန်တလန်က ရဲဘော် တဦး စုစုပေါင်း ၁၁ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဖက်ကလည်း အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
 
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးလို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းက ဒေသခံတွေ နေထိုင်တာ မရှိတော့ကြောင်းနဲ့ မြို့မှာကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်တိုက်တာလို့ ဟားခါးကောင်စီက တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
” ကျနော်တို့ဖက်က ၁၁ ယောက်ကျသွားတယ်ဆိုတာတော့ ကြားတယ်။ ကျန်တဲ့အပိုင်းကျတော့ အတည်ပြုမရတာ ရှိတာပေ့ါ။ ထိုးစစ်လုပ်တာပါ။ စခန်းသိမ်းတိုက်ပွဲပေါ့။ CNA နဲ့ CDF နဲ့ ပူးပေါင်းပြီးတော့ပေါ့နော် ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ချင်းကာကွယ်ရေးတပ်တွေနဲ့ ထန်တလန်မြို့ရဲ့ မြောက်ဖက်နဲ့ အိုတိုတောင်(ဒေသခံခေါ်) နှစ်နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူတာတွေအပြင် လက်နက်ကြီးပစ်ကူ ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
“​ တိုက်ပွဲတွေလည်း ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။ လေကြောင်းနဲ့ ပစ်ကူ အသုံးချတယ်။ တိုက်ပွဲက ပြင်းထန်တော့ အများစုက လက်နက်ကြီးထိတာ များတယ်ပေါ့။ ကျနော်တို့က သွားပစ်တာ ” လို့ CDF ဇိုဖေအဖွဲ့က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ထန်တလန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF)၊ CDF (ဟားခါး) ၊ CDF (ဇိုဖေ) တို့ပူးပေါင်းပြီး မနေ့က မနက်ပိုင်းလောက်မှာ စတင်တိုက်ခိုက်ခဲ့ရာမှာ တနေ့ကုန်နီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲအတွင်းမှာ နှစ်ဖက် အထိအခိုက်အကျအဆုံး များခဲ့ပြီး စစ်ကောင်စီတပ်က ဟားခါးမြို့ပေါ်ကတဆင့် လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက အင်းအားဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို ဟားခါးမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကားတွေနဲ့ ထန်တလန်ကို ပို့ဆောင်နေတယ်လို့လည်း ဆိုကြပါတယ်။
 
သြဂုတ်လ ၂၉ ရက် ဒီကနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်သေးတယ်လို့ ချင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး Mizzima သတင်းဌာနက ဖော်ပြထားပါတယ်။
 
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု အခြေအနေတွေနဲ့ ပက်သက်ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေကို DNA သတင်းဌာနက ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။
 
ဓာတ်ပုံ – The Matupi Times