ရေးမြို့နယ်မှာ ခြုံခိုတိုက်ခံရလို့ ခြောက်ဦးသေဆုံးအပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီး

သြဂုတ်၊ ၂၉
 
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သာကဒိုက်ကျေးရွာ အနီးမှာ ဩဂုတ်လ ၂၈ ရက်၊ ညနေ ၄ နာရီခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ ခြောက်ဦး သေဆုံးခဲ့အပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
 
“ အထိအခိုက်က ရှိတယ်၊ ညက သူတို့လာပြန်သယ်သွားတာ၊ လေးဦး၊ ပြီးတော့ ဒီမနက်မှာ နှစ်ဦးကို (၁၀၆) တပ်ရင်းက လာသယ်ထုတ်သွားတယ်၊ ဒါတွေက မျက်မြင်တွေပေါ့နော်၊ တခြားဒဏ်ရာရတာတွေလည်း ရှိပါသေးတယ် ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် YPDF မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က DNA ကို ပြောပါတယ်။
 
လက်ရှိမှာ အဲဒီ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးပတ်ဝန်းကျင်မှာ တပ်စွဲထားသလို မော့ကနင်းကျေးရွာ (ရွာသစ်)က ခြံသမားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် အရေအတွက် မသိရသေးဘူးလို့ ဆိုပါတယ်။
 
“ ခြံသမားတွေ ဖမ်းသွားတာ။ အခုပဲ ရဲဘော်တွေက ဖုန်းဆက်လာတာ။ မေးနေတုန်းပဲ၊ သူတို့လည်း လိုက်နေတုန်းပဲ။ ဘယ်နှစ်ဦးလဲဆိုတာက။ ဒီကောင်တွေ မဆုတ်သေးဘူး။ ရွာအနားမှာပဲ ရှိနေတယ်။ ပြောနေရင်းနဲ့ လက်နက်ကြီး ပြန်ပစ်နေတာ၊ အခုပဲနော် ” လို့ ဗိုလ်ရန်နိုင်က ဆိုပါတယ်။
 
ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာ နဲ့ ဘဲလမုကျေးရွာ ဘက်ကို အင်အား ငါးဆယ်ခန့်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာကဒိုက်ကျေးရွာအနီးမှာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုက မိနစ်သုံးဆယ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
 
“ သူတို့တွေက ကားလမ်းမှာ ရစ်သီရစ်သီလုပ်နေကြတာ။ သာကဒိုက်ရွာကို ဝင်ဖို့လုပ်နေတာ။ ကျွန်တော်တို့က ဝင်ပစ်တာ။ အရင်ဦးသွားတယ်ပေါ့။ သုံးဖွဲ့ခွဲပြီး ဝင်ဖို့လုပ်တာ။ တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထိုင်ထုနေတာ။ တောက်လျှောက်ပဲ။ ရွာထဲကို ပစ်တာ ” လို့ YPDF အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောပါတယ်။
 
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦးက ၄၀ မမလက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်တာတွေ မရှိပေမယ့် နေအိမ်အဆောက်အဦ အနည်းငယ်ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာနေသူ အများစုက အရင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပေမယ့် သက်ကြီးရွယ်အိုနဲ့ အရပ်သားတချို့ကတော့ နေအိမ်မှာ အိမ်စောင့်ဖို့ ကျန်တာလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) ဒေသခံတွေကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က ဖမ်းဆီးခဲ့စဉ်။