အင်းတော်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံခြောက်ထောင်ကျော် တိမ်းရှောင်

သြဂုတ်၊ ၂၉
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲ့ အနောက်ဘက် ရှစ်မိုင်ခန့်အကွာ မော်တိတ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၇ ရက်ကစပြီး ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားရာ အနီးအနားရွာတွေဖြစ်တဲ့ မော်တိတ်၊ ရွာသာယာ၊ အောင်ကုန်း၊ နန့်သာ၊ ပေပင်နဲ့ နန့်စင် စတဲ့ကျေးရွာတွေက ဒေသခံတွေ ရှောင်တိမ်းနေကြရတာဖြစ်ပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
 
” ဆွေမျိုးသားချင်း ရှိတဲ့သူတွေကတော့ မြို့တွေအထိ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို ပြေးကြတယ် ” လို့ မော်တိတ်ဒေသခံ အမျိူးသားတဦးက DNA ကို ပြောပါတယ်။
 
အင်းတော်မြို့နဲ့ ခုနစ်မိုင်လောက်အကွာ အောင်ကုန်းရွာ ကနေတဆင့် မော်တိတ်ရွာ ဘက်ကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်လောက်နဲ့ ABSDF တပ်ဖွဲ့ဝင်တွေဟာ မော်တိတ်ရွာတဝိုက် သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
 
နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာ ရှိသလို ABSDF ဘက်ကလည်း တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး နောက်ထပ်တဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
 
” နှစ်ရက်တိုက်ပွဲမှာတော့ တဆယ်ကျော်လောက်တော့ ရှိလိမ့်မယ် ကျတာ (စစ်တပ်ဘက်)၊ ခန့်မှန်းတာပေါ့ အဲဒါကတော့။ အလောင်းတွေ သယ်သွားတာကို ရှေ့တန်းက ရဲဘော်တွေ မြင်လိုက်တာရှိတယ် ” လို့ ABSDF နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
တိုက်ပွဲတွေအတွင်း အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတခုကနေ မော်တိတ်ရွာတဝိုက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီတပ်တွေဟာ ဒီကနေ့ သြဂုတ်လ ၂၉ ရက်၊ မနက် ၁၀ နာရီလောက်အထိ မော်တိတ်ရွာထဲမှာပဲ ဆက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
 
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသာမက မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်တွေအတွက် စက်သုံးဆီတွေပါ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
” ဒေသခံတွေအတွက် လိုအပ်တာကတော့ ဆေးဝါးတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ပေါ့ဗျာ။ ဆိုင်ကယ်တွေနဲ့ ပြေးကြ၊ လွှားကြတော့ ဓာတ်ဆီ၊ ဒီဇယ်တွေလည်း လိုတာ ” လို့ ဒေသခံအမျိူးသားတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – ABSDF
ပုံစာ – အင်းတော်မြို့နယ်က စစ်ဘေးရှောင်စခန်းတခုမှာ ABSDF က ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေစဥ်။