ကော့ကရိတ်မှာ လမ်းပိုင်း စစ်ဆေးမှု ပြုလုပ်စဉ် ဗိုလ်ကြီးတဦး ဖမ်းဆီးရမိ

သြဂုတ်၊ ၂၉
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) က လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်စဉ် စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
 
“ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ သူက အရပ်ဝတ်နဲ့ ဖြတ်တာပေါ့ဗျာ။ ကျွန်တော်တို့က မသင်္ကာလို့ စစ်ဆေးကြည့်တဲ့ချိန်မှာ သိတာ။ ကျွန်တော်တို့က စစ်ဆေးတဲ့ချိန်မှာ ဖုန်းတွေဘာတွေစစ်တာ ဖုန်းတွေစစ်တဲ့ချိန်မှာ သူဗိုလ်ကြီးမှန်းသိတာ “ လို့ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၅) က အရာခံဗိုလ်တဦးက ပြောပါတယ်။
 
သြဂုတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေစဉ် ခရီးသွားယာဉ်ပေါ်က စစ်ကောင်စီတပ်က တပ်ထောက် ဗိုလ်ကြီး အဆင့်ရှိသူတဦး ဖမ်းဆီးမိခဲ့တာပါ။
 
ဖမ်းဆီးခံရသူဟာ ကွန်ပျူတာ (နည်းပညာဘွဲ့)ရ အသက် ၃၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် ကြည်း – ၅၈၅၈၁ ဗိုလ်ကြီးရဲမင်းထွန်း ဖြစ်ပြီး မြဝတီမှာရှိတဲ့ သူ့အမျိုးသမီး ကိုယ်ဝန်ဆောင်သည်ကို လာတွေ့ကာ တပ်ကိုအပြန် အခုလိုမျိုး ဖမ်းခံလိုက်ရတာပါ။
 
လက်ရှိမှာအမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဗိုလ်ကြီးရဲမင်းထွန်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူသွားမယ်လို့လည်း သိရပါတယ်။
 
မြဝတီ -ကော့ကရိတ် လမ်းမတလျှောက် ကျားဖြူတပ်ခွဲ (၄)၊ ကျားဖြူတပ်ခွဲ (၅) နဲ့ ကျားဖြူတပ်ရင်းရုံး လုံခြုံရေးတပ်ခွဲ တို့မှ နေ့စဉ်ဆိုသလို လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
 
အဲဒီလို စစ်ဆေးမှုတွေ လုပ်နေစဉ် စစ်ကာင်စီတပ်သား အပါအဝင် စစ်တပ်သတင်းပေးတွေ မကြာခဏဆိုသလို ဖမ်းဆီးရမိပေမယ့် အခုလိုဗိုလ်ကြီးအဆင့် တာဝန်ရှိသူကို ဖမ်းမိတာကတော့ ပထမဆုံးအကြိမ်လို့ ပြောပါတယ်။
 
ဓာတ်ပုံ – Justice Soldiers