ပြည်သူတွေ စိုးရိမ်မှု ပြေလျော့စေဖို့ တောင်ကိုရီးယား သမ္မတက ပင်လယ်စာနဲ့ နေ့လယ်စာ သုံးဆောင်ပြ

သြဂုတ်၊ ၂၉

ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ ပြေလျော့စေဖို့အတွက် ရှေ့ဆောင်လမ်းပြ အနေနဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုက ပင်လယ်စာနဲ့ နေ့လယ်စာ စားပြခဲ့ပါတယ်။

ဂျပန်မှာ သန့်စင်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေကို ပင်လယ်ထဲ ဖောက်ထုတ်နေတဲ့နောက် ဒေသတွင်း ပင်လယ်စာ စျေးကွက်အပေါ် သက်ရောက်မှုတွေ ရှိနေသလို ဂျပန်က တင်သွင်းတဲ့ ပင်လယ်စာတွေမှာ ရေဒီယို သတ္တိကြွ အဆိပ်အတောက်တွေ ရောပါလာမှာကိုလည်း တောင်ကိုရီးယား ပြည်သူတွေက စိုးရိမ်နေပါတယ်။

တောင်ကိုရီးယား အစိုးရဟာ ဂျပန်ရဲ့ ရေတွေဖောက်ချမှု အစီအမံကို မူအားဖြင့် ထောက်ခံထားပေမယ့် တောင်ကိုရီးယား ပြည်သူတွေကတော့ ဆန္ဒပြ ကန့်ကွက်တာတွေ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီတွေကြောင့် အက်ကွဲမှု ဖြစ်ခဲ့တဲ့ ဖူကူရှီးမားဒိုင်ချီ ဓာတ်အားပေး စက်ရုံ နျူကလီးယား ဓာတ်ပေါင်းဖိုကို အအေးပေးဖို့ အသုံးပြုခဲ့တဲ့ ရေပမာဏ တန်ချိန် ၁.၃ သန်းလောက်ကို ဂျပန်က သိုလှောင် သိမ်းဆည်းထားပါတယ်။ အဲဒီ ရေတွေကို စနစ်တကျ သန့်စင်ခဲ့တဲ့နောက် ကုလသမဂ္ဂ လက်အောက်ခံ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ရဲ့ ထောက်ခံမှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ပင်လယ်ထဲကို ဖောက်ချနေတာပါ။

အဲဒီ ကိစ္စဟာ အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ခဲ့ပြီး တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသလို ဂျပန်ကနေ တင်သွင်းတဲ့ ပင်လယ်စာတွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတဲ့နောက် သမ္မတ ယွန်က ဩဂုတ် ၂၈ ရက်မှာ ပင်လယ်စာနဲ့ နေ့လယ်စာ သုံးဆောင်ပြခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ် ဟန်ဒက်ခ်ဆူနဲ့ အပတ်စဉ် ပြုလုပ်နေကျ အစည်းအဝေးအပြီး အခုလို နေ့လယ်စာ စားပြခဲ့တာပါ။ ဒါပေမဲ့လည်း လက်ရှိ အချိန်ထိတော့ ဂျပန်ရဲ့ ရေတွေ ဖောက်ချမှုက ပင်လယ်စာတွေ ရေဒီယို သတ္တိကြွ အဆိပ်သင့်စေမလားဆိုတဲ့ စိုးရိမ်မှုတွေက လျော့ပါးမသွားသေးပါဘူး။

ဂျပန်ကတော့ ရေတွေ ဖောက်ချခဲ့တဲ့နောက် ပစိဖိတ် သမုဒ္ဒရာထဲက ရေနမူနာတွေနဲ့ ရေသတ္တဝါတွေမှာ ရေဒီယို သတ္တိကြွမှု ရှိမရှိ ဆိုတာကို နေ့စဉ် စောင့်ကြည့် စစ်ဆေးနေပြီး ဘယ်လို ထိခိုက်သက်ရောက်မှုမျိုးကိုမှ မမြင်ရသေးကြောင်း ပြောကြားထားပါတယ်။

တောင်ကိုရီးယား အစိုးရဟာ ဂျပန်က တင်သွင်းတဲ့ ပင်လယ်စာတွေရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေမယ်လို့ ကတိပြုထားတဲ့တိုင် စစ်တမ်းတခုမှာတော့ ပြည်သူ ၆၂ ရာခိုင်နှုန်းလောက်က ပင်လယ်စာတွေ ဝယ်ယူစားသောက်မှုကို လျှော့ချမယ်၊ ဒါမှမဟုတ် ရပ်ဆိုင်းတော့မယ်လို့ သဘောထား မှတ်ချက် ပေးထားကြကြောင်း သိရပါတယ်။

 

Ref: Reuters