သြဂုတ်၊ ၂၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က မီးစက်ကြီး ရေတံခွန်မှာ ဒီကနေ့မနက်ပိုင်းက လူငယ်အမျိုးသားတဦး ရေနစ်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ ပရဟိအသင်းတို့ဆီက သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ အနီးက မီးစက်ကြီး ရေတံခွန် ခေါ် ဝက်ဝံရေတံခွန်မှာ ဒီကနေ့ မနက်ပိုင်းက အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တာပါ။
ဒီကနေ့ ရေနစ်သေဆုံးမှု ဖြစ်ခဲ့တဲ့ မီးစက်ကြီး ရေတံခွန်ဟာ ပြင်ဦးလွင်မြို့က ထင်ရှားတဲ့ ရေတံခွန်တခုဖြစ်တဲ့ ပိတ်ချင်းမြောင်ရေတံခွန် အနီးမှာ ရှိတာဖြစ်ပါတယ်။
ရေနစ်သွားတဲ့ အဲ့ဒီအမျိုးသားကို မြို့နယ်မီးသတ်နဲ့ ပြင်ဦးလွင်မြို့ခံ လူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဖွံဖြိုးဂရုဏာ (ဝက်ဝံ)နဲ့ သန္တိသုခအသင်း တို့က ပူးပေါင်းရှာဖွေကယ်ဆယ်ခဲ့ပေမယ့် ရုပ်အလောင်းပဲ ပြန်တွေ့ခဲ့တာလို့ မြို့ခံလူမှုကူညီရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို ပြင်ဦးလွင်ဆေးရုံဆီ ပို့ပေးခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်းကို DNA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်ရောက်မလာသေးတာကြောင့် အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓာတ်ပုံ – Lay Myint Aung/FB