ဖရူဆိုမှာ စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် လေးဆယ်ကျော် မီးရှို့

သြဂုတ်၊ ၂၈
 
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေမှာ သြဂုတ်လ ၂၄ ရက်ကနေ ၂၆ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က နေအိမ် လေးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
 
” ရှို့ခံထိတာက အနီးအနားရွာ သုံးရွာပေါ့။ စစ်ကောင်စီတပ်တွေ ရှို့တယ်ဆိုတာ အတည်ပြုလို့ရတယ်။ ထီးပေါ်ဆိုရွာမှာက အများဆုံး ရှို့ခံထိတာ ” လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။
 
ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတလျှောက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်က ကားလမ်းမပေါ်မှာရှိတဲ့ ထီးသော်ကူးရွာ၊ ဒေါညေးခူးရွာ နဲ့ ထီးပေါ်ဆိုရွာက နေအိမ်တွေကို မီးရှို့ခဲ့တာပါ။
 
အဲဒီလို မီးရှို့ခဲ့တာကြောင့် ထီးသော်ကူးရွာက နေအိမ် ငါးလုံးခန့်၊ ဒေါညေးခူရွာက နေအိမ် ဆယ်လုံးကျော်နဲ့ ထီးပေါ်ဆိုရွာက နေအိမ် သုံးဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
 
ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ကိုဗညားကတော့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့တဲ့အချိန် တိုက်ပွဲမှာ ကျသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုပါ ထည့်ရှို့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
 
” အခုက တိုက်ပွဲမှာ ကျသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို မထားခဲ့တော့ဘူး။ ရအောင်ပြန်ဆွဲတယ်။ အရင်တုန်းကဆိုရင် သေနတ်ကိုပဲ ရအောင်ပြန်ဆွဲတယ်။ အခုက အလောင်းကိုလည်း ရအောင်ပြန်ဆွဲတာ။ ရအောင်ဆွဲပြီးတော့မှ အလောင်းတွေကို မြှုပ်တာရှိတယ်။ အခုက အဲလိုမျိုးမဟုတ်တော့ဘူး။ သူတို့နေတဲ့ ရွာတွေထဲက အိမ်တွေပေါ်မှာ အလောင်းတွေတင်ပြီး အိမ်ရော လူရော မီးရှို့တာတွေ လုပ်လာတာရှိတယ် ” လို့ ကိုဗညားက ပြောပါတယ်။
 
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတလျှောက် သြဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ခုနစ်ဆယ်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲနောက်ပိုင်း တိုက်ပွဲတွေမှာလည်း ထပ်မံသေဆုံးတာ ရှိတယ်လို့ DNA ကို ပြောဆိုထားပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ သူတို့ မီးရှို့ခဲ့တဲ့ အဲဒီရွာတွေ အနီးအနားမှာပဲ ဆက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
 
အခုလို မီးရှို့ခံရတဲ့ ကျေးရွာတွေက ရွာခံအများစုကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကတည်းက တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
 
အလားတူပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်၊ ညပိုင်းကလည်း စစ်ဘေးရှောင်တွေရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ခုနစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်နှစ်လုံးနဲ့ စာသင်ကျောင်း တကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စစ်တမ်းတွေအရတော့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ နှစ်နှစ်ခွဲလောက်အတွင်း ကရင်နီပြည်နယ်တဝှမ်း မီးရှို့ခံရတဲ့ နေအိမ်တွေအပါအဝင် စစ်ကောင်စီတပ်လက်ချက်နဲ့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ် နှစ်ထောင်ကျော်ရှိပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – KNDF၊ KNHRG