သြဂုတ်၊ ၂၈
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ တီဇစ်ရွာက ရွာခံလေးဆယ်ကျော် သြဂုတ်လ ၂၈ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ အားလုံးပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အသက်ကြီးပိုင်းတွေကိုတော့ သူတို့ ရွာထဲက ထွက်ကတည်းက လွှတ်ပေးလိုက်တာ။ သူတို့ခေါ်လာတဲ့ ဆယ့်ငါးယောက်ကိုတော့ ဒီနေ့မနက်မှာပဲ လွှတ်လိုက်တယ်။ အားလုံး ရွာပြန်ရောက်ကြပြီ ” လို့ တီဇစ်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
အင်းအားငါးဆယ်ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂၆ ရက်၊ ညနေပိုင်းမှာ လောင်းလုံးမြို့နဲ့ သုံးမိုင်ကျော်အကွာမှာရှိတဲ့ စမ်းလှမ်းကျေးရွာ ကနေတဆင့် နှစ်မိုင်ခန့်အကွာ တီဇစ်ကျေးရွာ ဘက်ကို တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
ရွာထဲဝင်လာတဲ့အချိန် ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ရွာခံတွေနဲ့ လမ်းမှာတွေ့တဲ့ ရွာခံ စုစုပေါင်း လေးဆယ်ကျော်ကို ဖမ်းဆီးထားခဲ့ပြီး ရွာထဲက ပြန်ထွက်တဲ့ သြဂုတ်လ ၂၇ ရက်၊ ညနေပိုင်းမှာတော့ သူတို့ထဲက အမျိုးသမီးတွေနဲ့ အသက်ကြီးသူတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ဆယ့်ငါးဦးခန့်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးပြီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂၇ ရက်၊ ညနေ ခြောက်နာရီလောက်မှာတော့ တီဇစ်ရွာနဲ့ လေးမိုင်ခန့်အကွာက ဂေါ့အင်းရွာကို ရောက်ရှိလာခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ဖမ်းခေါ်လာတဲ့ အမျိုးသား ဆယ့်ငါးဦးခန့်ကိုပါ ပြန်လွတ်ပေးလိုက်တာပါ။
” ဂေါ့အင်းရောက်တော့ လမ်းမှာတွေ့တဲ့ သုံးလေးယောက်လောက် ထပ်ဖမ်းသေးတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်ကျတော့ အကုန်ပြန်လွှတ်လိုက်တာ။ နှိပ်စက်တာမျိုးတော့ မကြားရဘူး ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတဲ့အချိန် ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ ဂေါ့အင်းရွာအဝင်က ကြယ်တောင်အနီး ပစ်ခတ်သံတချို့ ကြားရတယ်လို့ ဒေသခံတွေ ပြောကြပေမယ့် အဲဒီအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်အထိတော့ ဂေါ့အင်းကျေးရွာ၊ အောက်ရေဖြူကျေးရွာနဲ့ ကျောက်ဖြူရွာတွေဘက်ကို ခြေလျင်သွားလာနေကြပြီး အရပ်သားတွေကို ထပ်မံဖမ်းဆီးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကတော့ အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို အချိန်မရွေး အန္တရာယ်ပြုနိုင်တာကြောင့် မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ကြဖို့ ထုတ်ပြန်သတိပေးထားပါတယ်။
ဓာတ်ပုံ – CJ