ဟေတီမှာ ဆန္ဒပြသူတွေကို ဒုစရိုက် ဂိုဏ်းသားတွေက ပစ်ခတ်လို့ ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်

သြဂုတ်၊ ၂၈

ဟေတီနိုင်ငံမှာ ဒုစရိုက်ဂိုဏ်း တခုက ချီတက် ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပို့တ်အူပရင့်စ် မြို့တော် ဆင်ခြေဖုံး တနေရာမှာ ခရစ်ယာန် ဘုရားကျောင်း တခုက ကြီးမှူးပြီး ယုံကြည် ကိုးကွယ်သူတွေ ရာနဲ့ချီ စုဝေးချီတက်တဲ့ ဆန္ဒပြပွဲတခု ကျင်းပခဲ့ပါတယ်။ ဟေတီမှာ ဒုစရိုက်ဂိုဏ်းတွေ အလွန်အကျွံ ဆိုးသွမ်းနေပြီး ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှု ဘဝတွေကို ထိခိုက် ခြယ်လှယ်နေတာကို မကျေနပ်လို့ အဲဒီလို ဆန္ဒပြကြတာပါ။ တချို့ကလည်း ဦးတည်ချီတက်ရာ ဧရိယာထဲက ဒုစရိုက် ဂိုဏ်းသားတွေကို ရှင်းပစ်မယ်လို့ ကြွေးကြော်ပြီး ဓားရှည်တွေ ယူဆောင်သွားကြပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေကို ဒုစရိုက် ဂိုဏ်းသားတွေက ကြိုတင် စောင့်ဆိုင်းနေပြီး စက်သေနတ်တွေနဲ့ အတွဲလိုက် ဆီးကြို ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ဟေတီဟာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေ တရိပ်ရိပ် မြင့်တက်လာတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး အခုနှစ်ထဲမှာတင် အဲဒီ ဂိုဏ်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ ပြည်သူအရေအတွက် ၂၄၀၀ ကျော် ရှိခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ပစ်ခတ်မှုမှာ အသေအပျောက် ၇ ဦးသာ လတ်တလော စာရင်းရထားပေမယ့် အဲဒီထက် ပိုများနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေ ပါဝင်နေသလို တချို့ ဆန္ဒပြသူတွေကိုလည်း ဒုစရိုက် ဂိုဏ်းသားတွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး သတင်းအစအန ပျောက်ကွယ်နေတာကြောင့်ပါ။

ဆန္ဒပြသူတွေ ပစ်ခတ်ခံရတဲ့ ဆင်ခြေဖုံး ရပ်ကွက်ကို ကာနန်းလို့ ခေါ်ဝေါ်ပြီး ၂၀၁၀ ပြည့်နှစ်၊ ကမ္ဘာကျော် ဟေတီ ငလျင်ကြီးအပြီး အသက်ရှင် ကျန်ရစ်သူတွေက စတင် အခြေချ ထူထောင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဂျက်ဖ်လို့သာ နာမည်ဝှက်နဲ့ လူသိများသူ တဦးက ခေါင်းဆောင်နေတဲ့ ဒုစရိုက် ဂိုဏ်းက ကာနန်းကို ထိန်းချုပ်လာခဲ့ပါတယ်။ ဂျက်ဖ်ဟာ ဟေတီက တခြား နာမည်ကျော် ဒုစရိုက်ဂိုဏ်း တစ်ခုဖြစ်တဲ့ ၅ စက္ကန့်ဂိုဏ်းရဲ့ မဟာမိတ် တဦးလို့ ယူဆ ခံရပါတယ်။

ဟေတီရဲ့ လူ့အခွင့်အရေး ဆန်းစစ်မှုနဲ့ သုတေသနဌာန ဒါရိုက်တာ ဂျီဒီယွန် ဂျင်းက ဖြစ်စဉ် မှတ်တမ်း ဗီဒီယိုတွေကို လေ့လာနေပြီး တရားရေး ဝန်ကြီးဌာနက ထိထိရောက်ရောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်စေဖို့ တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။ သူက ဒုစရိုက်ဂိုဏ်းတခု ထိန်းချုပ်ထားရာ နယ်မြေမှာ လူတွေ ရာနဲ့ချီ စုဝေးပြီး ​ဝင်ရောက်သွားအောင် ဦးဆောင်ခဲ့တဲ့ ဘုရားကျောင်း တာဝန်ရှိသူတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး ဆန္ဒပြသူတွေ ကာနန်းကို ရောက်မသွားခင် ကတည်းက ရဲတပ်ဖွဲ့ဟာ အကျိုးအကြောင်း ရှင်းပြ နားချပြီး တားဆီးခဲ့သင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ ပြည်တွင်းရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ဟေတီဟာ အနောက်ကမ္ဘာခြမ်းမှာ အဆင်းရဲဆုံးနဲ့ အကြမ်းဖက်မှုတွေ အထူပြောဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ကုလသမဂ္ဂကလည်း ကာရေဘီယန် ဒေသတွင်းက ကျွန်းနိုင်ငံငယ်မှာ ရာဇဝတ်ဂိုဏ်းတွေ ဩဇာကြီးထွားလာမှုနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အရေးယူ တုံ့ပြန်မှုတွေ လိုအပ်နေပြီလို့ သတိပေး ပြောကြားထားပါတယ်။

 

Ref: BBC