စစ်ပွဲကို ရုရှားနယ်မြေထဲ ယူဆောင်သွားဖို့ဆိုတာ စွန့်စားရလွန်းတဲ့ အခြေအနေလို့ ယူကရိန်း သမ္မတ သုံးသပ်

သြဂုတ်၊ ၂၈

စစ်မြေပြင်ဟာ ယူကရိန်းကနေ ရုရှားဖက်ကို ကူးစက် ရောက်ရှိသွားရင် အင်အားကြီး မဟာမိတ် နိုင်ငံတချို့က ယူကရိန်းကို ဆက်လက် မထောက်ခံတော့တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မှတ်ချက် ပေးခဲ့ပါတယ်။

 ဩဂုတ် ၂၇ ရက်က အင်တာဗျူး တခုမှာ လက်ရှိ ယူကရိန်း ဆင်နွှဲနေတဲ့ ခုခံစစ်ပွဲဟာ ရုရှားပိုင်နက်ထဲ ကူးစက်သွားနိုင်သလားလို့ မေးမြန်းခဲ့တဲ့အပေါ် ဇီလန်စကီးက အခုလို တုံ့ပြန်ခဲ့တာပါ။ တကယ်လို့သာ စစ်ပွဲက ယူကရိန်းရဲ့ ပိုင်နက်ကို ကာကွယ်ဖို့ မဟုတ်တော့ဘဲ ရုရှား နယ်မြေထဲ ကူးပြောင်း ရောက်ရှိသွားမယ်ဆိုရင် ယူကရိန်းဟာ တနိုင်ငံတည်း ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်ရမယ့် စွန့်စားမှုမျိုးဆီ ဦးတည်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက ရုရှားဟာ ယူကရိန်းရဲ့ ခုခံစစ်ကို အစွမ်းကုန် ထောက်ပံ့ အားပေးလာတဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို သမိုင်းဝင် အခြေအနေမျိုးထိ မြှင့်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို အင်အားကြီး နိုင်ငံတွေဟာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အကာအကွယ် ပေးဖို့သာ ကူညီချင်ကြောင်း အတိအလင်း သဘောထား ပြသထားကြောင်း၊ သူ့ရဲ့ တပ်တွေကို ရုရှား ပိုင်နက်ထဲထိ ချီတက်စေခဲ့မယ်ဆိုရင် မဟာမိတ်တွေ စွန့်ခွာသွားနိုင်တဲ့ ခြိမ်းခြောက်မှုက ကြီးကြီးမားမား ရှိနေကြောင်း၊ အခုအချိန်မှာတော့ ယူကရိန်းဟာ ပြည်သူတွေရဲ့ ဘဝတွေကိုသာ အဓိက အလေးပေး စဉ်းစားဖို့လိုကြောင်း ဇီလန်စကီးက မှတ်ချက် ပေးခဲ့ပါတယ်။

မကြာသေးခင် လပိုင်းတွေအတွင်း ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုလို ဖြစ်စဉ်တွေ မကြာခဏ ကြုံတွေ့နေကြောင်း ရုရှား အာဏာပိုင်တွေက စွပ်စွဲပေမယ့် ယူကရိန်းကတော့ သူတို့ရဲ့ လက်ချက်လို့ ဘယ်တုန်းကမှ ဝန်မခံခဲ့ပါဘူး။

ဒါပေမဲ့ ယူကရိန်းဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားတပ်တွေ အဓမ္မ သိမ်းယူခဲ့ရာ ခရိုင်းမီးယား ကျွန်းဆွယ်မှာတော့ ရုရှားရဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း အတည်ပြု ပြောကြားထားပါတယ်။  

 

Ref: Kyiv Independent News