ပေါင်မြို့နယ်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ

သြဂုတ်၊ ၂၇
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒီကနေ့ သြဂုတ် ၂၇ ရက် ညနေပိုင်းက ဒရုန်း ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ၄၀ မမနဲ့ နှစ်လုံးချနဲ့ပစ်တာ၊ ဒရုန်းနဲ့လည်းချတာ၊ ထင်တာက စခန်းကို ချတာထင်တယ်၊ ကျတာက ထွေအုပ်ရုံး ကားပါကင်နဲ့ ရေစင်နားကျတာ။ ရဲစခန်းနဲ့ ထွေအုပ်ကြားကို ကျတယ် ” လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် မြို့နယ်ထွေအုပ်ရုံး ရေစင်အနီးနဲ့ ရေချိုးကန်ကွင်းပြင်၊ ကားပါကင်၊ ရဲစခန်း ခြံစည်းရိုးကြားမှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ဒေသတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ရာမှာလည်း ဆက်သွယ်လို့ မရသေးပါဘူး။
အဆိုပါ ထွေအုပ်ချုပ်ရုံး တိုက်ခိုက်ခံတဲ့ အချိန်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက လက်နက်ငယ်အချက်တရာမက ဒရုန်းလာရာ လမ်းကြောင်း တောင်ပေါ်ကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ ဘာအသံလဲပေါ့၊ ရုတ်တရက် အသံကျယ်ကြီး နှစ်ချက်လောက်အရင်ကြားရတယ်၊ သိပ်မကြာဘူး၊ သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ တော်တော်ကြာတယ်၊ လူတွေလည်း လန့်ကုန်တာပေါ့၊ ဆက်တိုက်ပစ်နေတာကို ” လို့ မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက ရဲစခန်းနဲ့ ထွေအုပ်ရုံးအပေါ်ဘက်က ဒရုန်းလာရာ လမ်းကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်လိုက်တဲ့ လမ်းကြောင်းဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အစောပိုင်းတုန်းကလည်း ပေါင်မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုမှ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ