ရေဦးနဲ့ဝက်လက်မှာ ဒေသခံသောင်းချီ စစ်ရှောင်ပြေးနေရပြန်

သြဂုတ်၊ ၂၇
 
စစ်ကိုင်းတိုင်းဒေသကြီးထဲက ရေဦးမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် အခုရက်ထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရေဦးမြို့နယ်အနောက်ခြမ်းမှာတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ခံရတဲ့ စစ်ကြောင်းဟာ ဒီကနေ့ သြဂုတ်၂၇ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနားက ကျေးရွာတွေကို ပစ်ခတ်စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
” နယ်မြေခံပကဖတွေနဲ့ PDF တွေ ပေါင်းပြီး မိုင်းငါးလုံး ဖောက်ခွဲတိုက်ခိုက်တာ လေးဦးလောက် ထိခိုက်မှုရှိတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်တယ် ” လို့ ရေဦးအခြေပြု Pepole’s Defence Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
ဒီစစ်ကြောင်းကြောင့် ရေဦးနယ်ထဲက ငြုတ္တုံ၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ ဇဝ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ဇီးကုန်း၊ ကျီကုန်း၊ ခြုံရွာ၊ ပေါက်တော၊ မစိုးရိမ် စတဲ့ရွာတွေက ဒေသခံ တသောင်းကျော်ဟာ စစ်ရှောင်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
အလားတူပဲ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာလည်း ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ထန်းကြီး ဘူတာ၊ ပါယ့်သူကြီး၊ အုန္နဲဘုတ်၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ အစရှိတဲ့ ရွာတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကတည်းက ရွာလုံးကျွတ် အိမ်ခြေစွန့်ခွာ တိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်က ဒေသခံ တသောင်းဝန်းကျင်လောက်ဟာ စားနပ်ရိက္ခာနဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲကြား စစ်ကိုင်းတိုင်းထဲမှာ ပြည်သူပေါင်း ၁၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နိုင်ငံတဝန်း စစ်ရှောင်ရတဲ့အထဲ အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Ko Pyay
ပုံစာ – ဝက်လက်အရှေ့ခြမ်းကစစ်ရှောင်များ။