ပြွန်တန်ဆာမြို့မှာ ဆီဘောက်ဆာကား မီးလောင်လို့ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက်ဒဏ်ရာရ

သြဂုတ်၊ ၂၇
 
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်မှာ ဩဂုတ်လ ၂၇ ရက် နေ့လယ် ၁၁ နာရီခန့်က ဆီဘောက်ဆာယာဉ်တစီး တိမ်းမှောက်ပြီး မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ယာဉ်မောင်းသေဆုံးကာ ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
 
“ ကားက ဆိုင်ကယ်ကို ရှောင်တာလို့ ပြောတယ်။ ဆီရှိတယ်လေ ကားက။ ဆီဘောက်ဆာပဲဟာ။ ကားလည်း မီးလောင်တယ်။ ယာဉ်မောင်းလည်း ဆုံးသွားတယ်။ ပွဲချင်းပြီးပဲ ပြောတယ်။ ယာဉ်နောက်လိုက်ကိုတော့ ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်လိုက်ရတယ် ” လို့ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃) ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၇၆/၄/၅) ကြားမှာ ဆီဘောက်ဆာယာဉ်တစီးက ဆန့်ကျင်ဘက်လာတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာမှာ လမ်းချောင်တိမ်းမှောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 
မီးလောင်မှုကြောင့် ယာဉ်မောင်းနှင်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ကတော့ ယာဉ်ပေါ်ကနေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမူကူညီရေးအသင်းအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့လို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးထားကာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
 
“ ကျိုးပဲ့တာလောက်တော့ ရှိတယ်။ သူက ကံကောင်းသွားတာ။ ဘာမှ မဖြစ်တာ။ အခုဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်။ မစိုးရိမ်ရဘူးလို့ ပြောတယ် ” လို့ အဲဒီမီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
 
အဆိုပါမီးလောင်မှု ဖြစ်ပွားရာကို တိုင်းနဲ့မြို့နယ်က မီးသတ်ယာဉ် ခုနှစ်စီး၊ ရေသယ်ယာဉ် ခုနှစ်စီးနဲ့အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ ပြည်သူလူထုတွေရဲ့ ပူးပေါင်းငြိမ်းသတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး တနာရီခွဲ အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ မီးက တော်တော်များတယ်၊ ကံကောင်းချင်တော့ လမ်းရဲ့ အောက်ဘက်က လူနေအိမ်ထဲကို မကျသွားတာပဲ။ အိမ်ထဲဘက် ကျသွားရင် အဲဒီအိမ်တွေပါ အကုန်ပါမှာ။ အခုက လမ်းပေါ်ဘေးနားပဲဆိုတော့လေ သက်သာသွားတယ်။ မီးသတ်တွေကလည်း ရောက်လာတာ မြန်တယ်လို့ ပြောလို့ရတယ် ” လို့ အထက်ပါ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
 
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့