ပြည်တွင်းရေးနှောင့်ယှက်တယ်ဆိုပြီး တီမောသံရုံးကို စစ်ကောင်စီနှင်ထုတ်

သြဂုတ် ၊ ၂၇

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တီမောနိုင်ငံ သံရုံးက သံရုံးတာဝန်ခံနဲ့ အဖွဲ့ဝင်တွေအားလုံးလာမယ့် စက်တင်ဘာလ ၁ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စစ်ကောင်စီက သံရုံးဘက်ကို အကြောင်းကြားထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တီမောနိုင်ငံအနေနဲ့ မြန်မာပြည် ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်နေတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံတာတွေ ရှိတာကြောင့် အခုလိုနှင်ထုတ်ရတာဆိုပြီး ပြောပါတယ်။

“အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ ပုံစံမျိုးရှိတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့်ဟာတွေကို အမြဲတမ်းအားပေးတယ်။ ဒီအချက်တွေကြောင့်ပဲဖြစ်ပါတယ်” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Times သတင်းဌာနကို အင်တာဗျူးဖြေဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ၁ ရက်နောက်ပိုင်းမှာ ရန်ကုန်အခြေစိုက် ပြည်ပနိုင်ငံသံရုံးတခုကတာဝန်ခံကို အခုလိုနှင်ထုတ်တာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

တီမောနိုင်ငံအစိုးရရဲ့ အဆင်ခြင်မဲ့တဲ့လုုပ်ရပ်တွေဟာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကိုထိခိုက်စေရုံသာမက NUG က ကျူးလွန်နေတဲ့ အကြမ်းဖက်ဆောင်ရွက်ချက်တွေကို ပိုမိုလုပ်ဆောင်စေဖို့ အားပေးရာရောက်တယ်လို့စစ်ကောင်စီက စွပ်စွဲထားပါတယ်။

တီမောနိုင်ငံဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်မှာ  ပြုလုပ်တဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

အဲဒီလိုတီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့တဲ့အတွက် စစ်ကောင်စီက ဇူလိုင်လ ၅ ရက်မှာ ရန်ကုန်က တီမောသံရုံးတာဝန်ခံကို နေပြည်တော်ကိုဆင့်ခေါ်သတိပေးခဲ့ပါသေးတယ်။

အလားတူပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ကလည်း တီမောနိုင်ငံသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာနဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တီမောနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ တီမောနိုင်ငံရဲ့ အခုလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခိုင်ခိုင်မာမာရပ်တည်ချက်ကို အထူးလေးစားတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာကတော့ သံရုံးဝန်ထမ်းတွေ အခုလို နှင်ထုတ်ခံရတာဟာ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အပေါ် တုံ့ပြန်မှုဖြစ်တာကြောင့် ဂုဏ်ယူတယ်လို့ ပေါ်တူဂီနိုင်ငံအခြေစိုက် LUSA သတင်းဌာနကို ဖြေဆိုထားပါတယ်။

ဒါ့အပြင်တီမောနိုင်ငံကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် လက်ခံဖို့မူအရသဘောတူထားပေမယ့်   အာဆီယံက မြန်မာ့အရေး မဖြေရှင်းနိုင်ရင် တီမောနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ တီမောဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုထားပါတယ်။

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝမ်နဲ့ အဖွဲ့လာရောက်လည်ပတ်စဉ်မှာ ရန်ကုန်က အာဇာနည်ကုန်းမှာ ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားသံရုံးတာဝန်ခံတွေကို မြန်မာနိုင်ငံကနှင်ထုတ်ခဲ့ဖူးပါတယ်။

ပုံစာ-ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟောတာနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တီမောနိုင်ငံမှာ တွေ့ဆုံကြစဉ်။