ဝက်လက်မြို့မှာ စစ်ကြောင်းထိုးနေလို့ အမျိုးသမီးတဦးအပါအဝင်လေးဦးသေဆုံး၊ ဒေသခံ တသောင်းခွဲကျော်လောက် စစ်ရှောင်နေရ

သြဂုတ် ၊ ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း နဲ့ အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျီးကန်မြောက်ရွာက ဒေသခံ လေး ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဝက်လက်မြို့ ၊လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိ သူတဦးက ဆိုပါတယ်။

“ ကျီးကန်ရွာက အမျိုးသား သုံး ဦးနဲ့ အမျိုးသမီး တဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်သွားတာပေါ့။ ကောင်မလေးက အသက် ၁၈ နှစ်အရွယ်ရှိတယ်လို သိရတယ် ။အမျိုးသားတွေကတော့ အသက် ငါးဆယ် ကျော်အရွယ်တွေလို ကျနော်တို့ သတင်းရထားတယ်။ တခြားအချက်အလက်တော့ မသိရသေးဘူးဗျ။ အဲရွာမှာ သူတို့တပ်စွဲပြန်ထွက်သွားမှာ သိရတာပါ ” လို့ အဲဒီတာဝန်ရှိသူကဆိုပါတယ်။

ကျီးကန်မြောက်ရွာကို စစ်ကောင်စီတပ်တွေက ဒီလ ၂၄ ရက်နေ့မှာ စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံ လေးဦးကို ဖမ်ဆီးကာ ရွာမြောက်ဖက်တွင် ပစ်သတ်သွားခဲ့တယ်လို့ ဝက်လက် information network ကဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက စစ်ကိုင်းနဲ့ ဝက်လက်ကြားက မန္တလေး-မြစ်ကြီးနားသွား ရထားသံလမ်းတလျှောက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး တွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာ ရထားသံလမ်းဘေးရှိ သုံးဆင့်ကန်၊ ထန်းကြီး၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူနဲ့  ညောင်ပင်ကြီး စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၂,၉၀၀ လောက်က ဒေသခံ ၁၅,၀၀၀ ကျော်လောက်ဟာ စစ်ဘေးရှောင်နေရပါတယ်။

“ စစ်ဘေးကရှောင်ချိန်ရလိုက်တော့ ကိုယ်ပိုင် ဆန်တို့၊ ဆီတို့ ယူလာပြီးတော့ တောတွေထဲချက်ပြုတ်စားသောက်နေတဲ့အနေအထားရှိတယ်။ တောတွေထဲ အဆင်ပြေသလို ရှောင်ကြတာပေါ့ ‘’ လို့ ဝက်လက်မြို့ ၊လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိ သူက ပြောပါတယ်။

အဲဒီအထဲမှာသြဂုတ်လ ၁၃ ရက်ကတည်းက စစ်ရှောင်နေရသူတွေပါဝင်သလို စစ်ကောင်စီတပ်က စစ်ဘေးရှောင်ရှိတဲ့နေရာတွေကိုပါ စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံတွေဟာ သူတို့ဘယ်မျာ ရှောင်နေရတယ်ဆိုတာ မပြောရဲကြဘူးလို့လည်း အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

‘’သူတို့ စစ်ရှောင်တွေကလည်း သူတို့ဘယ်မှာနေတယ် ဆိုတာမပြောရဲကြဘူး။ စစ်ဘေးရှောင်တွေရှိလို စစ်ကြောင်းထိုးတယ်ဆိုပြီး အယူအဆရှိတော့ မပြောရဲကြဘူး ”  လို့ သူကဆိုပါတယ်။

လတ်တလောမှာ ဝက်လက်နယ်မှာစစ်ရှောင်နေတဲ့ အရပ်သားတွေမှာ စားနပ်ရိက္ခာ ၊ ဆေးဝါး နဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့ အဲဒီအဖွဲ့ တာဝန်ရှိသူကဆိုပါတယ်။

“ ကျနော်တို့က အမိုးအကာတွေကျတော့ စျေးကတန်တော့ မကူညီနိုုင်ဘူး။ အခုကူနေတာက စားနပ်ရိက္ခာတက်နိုင်သလောက် ကူပေးနေတယ် ။ဆေးဝါးဆိုလည်း သောက်ဆေးလေးတွေ ကူပေးရတာလည်း ရှိတယ် ” လို့ သူကဆိုပါတယ်။

စစ်ကိိုင်းမြို့မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ထောက်ပိုု့ ရထားတစ်စီးဟာ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ဖက်ကို သွားဖို့ရန်အတွက် ဝက်လက်နယ်ထဲက ရထားသံလမ်းတွေကို ပြင်ဆင်နိုင်ဖို့ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုလုပ်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဝက်လက်နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုနဲ့ တပြိုင်နက်တည်း ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်သလို ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ လည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ ဝက်လက်မြို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကဆိုပါတယ်။

“ရွှေဘိုဖက်ကလည်း ဝက်လက်ဖက်ကိုလာထိုးတယ်။ စစ်ကိုင်းဖက်ကလည်း ထိုးနေတယ်။ အထိုင်တပ်တွေကလည်း လှုပ်နေတာရှိတယ်။ ရွာသာကြီး ၊ လှတော ၊ မြို့မ၊ ဟန်လင်း တိုက်နယ်တွေဖက်ကို ဆက်တိုက် ထိုးနေတယ်အင်အားက ၁၄၂ ယောက်ပါတယ်။ သူတို့ ဖမ်းပြီး ပြန်လွတ်လာသူတွေ ပြောတာကတော့ ရန်ကုန်ဖက်က လာတဲဲ့တပ်တွေလိုတော့ သိရတယ် ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက်တွင် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာရှိသလို လက်လုပ် အဝေးပစ်လက်နက်ကြီးတွေနဲ့ ုလိုက်လံပစ်ခတ်တာတွေရှိတယ်လို့ သူကဆိုပါတယ်။

“ ကျနော်တို့ ဖက်က ရဲဘော်တွေ ရွာဝင်စီးခံရလို သေဆုံးတာတွေရှိသလို သူတို့ဖက်ကလည်း ကျနော်တို့ မိုင်းဆွဲလို ထိခိုက်တာတွေရှိတယ် ။အရေအတွက်သာ မသိရတာပေါ့နော် ။ထိခိုက်တာတွေကတော့ရှိပါတယ် ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ဝက်လက်နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တဲ့အချိန်မှာ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်သလို သူတို့တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဆိုရင်လည်း မီးရှိုှု့ဖျက်ဆီးသွားတက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Photo_ဝက်လက် လူထုသပိတ်ကော်မတီ