ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံး

ဩဂုတ်၊ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ ဩဂုတ် ၂၄ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုနဲ့စစ်ကောင်စီ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒေါက်ရပ်ကျေးရွာမှာ ကင်းပုန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တွေ ဩဂုတ် ၂၄ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

“အနီးကပ်ပဲ ဖြစ်သွားတာလေ၊ထိခိုက်ဒဏ်ရာရရှိတာလည်း အများကြီး ရှိတယ်၊ သူတို့က လူအင်အားများတော့ ပြန်ဆုတ်လိုက်ရတာ၊ တချို့ မှတ်တမ်းတွေ မရိုက်ယူလိုက်ရဘူး” လို့ ဘီးလင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ကျိုက်ထိုကနေ ဘီးလင်းဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ အတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ဖို့ထွက်လာချိန် ဒေါက်ရပ်ကျေးရွာတိုက်နယ် ဆေး ရုံအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ကာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

“လမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တွေ့တာ၊ နှစ်နေရာမှာ ကင်းပုန်းဝတ်နေတာ၊ ရှိမယ်၊ အားလုံး ပေါင်း ငါးဆယ်လောက် သူတို့ဘက်က အင်အားလေ၊တိုက်ပွဲက သိပ်မကြာဘူး” လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါ တယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကတဦးထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ တိုက်ပွဲအတွင်းမှာ နှစ်ဖက်လုံးက အထိအခိုက် အကျဆုံး ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးကတော့ “တိုက်ပွဲမှာ ကျတာက နှစ်ဦး၊ ရရှိဒဏ်ရာများတော့ နှစ်ဦးက သတိမရသေးဘူးပြောတယ်၊ ခေါင်းကို ထိထားတာ။ ကျန်တာတွေတော့ဘာမှမဖြစ်ဘူး၊ အငိုက်မှာ ပစ်ခံရတာလို့ ပြောတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါက်ရပ်ကျေးရွာတိုက်နယ်ဆေးရုံမှာ တပ်စွဲထားပြီးအနီး ဝန်းကျင်ကျေးရွာတွေ ဘက်ကို တညလုံးလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် မနေ့ကမနက်ပိုင်း မှာ တော့ တပ်ပြန်ဆုတ်သွား တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။