ငါးမန်းက သည်းသည်းမည်းမည်း ရန်ပြုတာ ခံခဲ့ရလို့ ဩစတြေးလျမှာ ရေလွှာလျှောစီးသူတဦး အပြင်းအထန် ဒဏ်ရာရ

သြဂုတ် ၊ ၂၆

ငါးမန်းတကောင်က အချိန်အတော်ကြာအောင် သည်းသည်းမည်းမည်း တိုက်ခိုက်တာကို ခံခဲ့ရတဲ့နောက် ဩစတြေးလျ နိုင်ငံသား ရေလွှာလျှောစီးသူ တဦးဟာ ဆေးရုံမှာ အသက်လု ကုသမှု ခံယူနေရကြောင်း သိရပါတယ်။

ဩစတြေးလျ အရှေ့ဖက် ကမ်းရိုးတန်းမှာရှိတဲ့ မီးပြတိုက် ကမ်းခြေနားမှာ ရေလွှာ လျှောစီးနေတဲ့အချိန် အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ငါးမန်းတိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်တယ်လို့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ငါးမန်းဖြူ မျိုးစိတ်လို့ ယူဆရတဲ့ ငါးမန်းဟာ သူ့ရဲ့ သားကောင်အဖြစ် သတ်မှတ်လိုက်တဲ့ အမျိုးသားကို ပတ်ပတ်လည် လှည့်ပြီး အကြိမ်ကြိမ် ကိုက်ခဲဖို့ အားထုတ်ခဲ့ကြောင်း၊ အဲဒီ အမျိုးသားဟာ အစွမ်းကုန် အသက်လု ရုန်းကန်ရင်း ကမ်းခြေကို စက္ကန့် ၃၀ လောက်ကြာအောင် ရေကူးပြီး ပြန်တက်လာနိုင်ကြောင်း၊ ကမ်းပေါ်ရောက်မှ သူ့ဒဏ်ရာ အခြေအနေတွေ ဘယ်လောက် ဆိုးတယ်ဆိုတာကို ကိုယ်တိုင် သတိပြုမိသွားခဲ့တာဖြစ်ကြောင်း ရဲတွေက ပြောပါတယ်။

ကမ်းခြေမှာ ရှိနေသူတွေက ဒဏ်ရာတွေကို အမြန်ဆုံး ကူညီ သန့်စင်ပေးပြီး နောက်တော့ အရေးပေါ် လူနာတင်ယာဉ် ရောက်လာတဲ့အခါ ချက်ချင်း လွှဲပြောင်းပေးလိုက်ကြပါတယ်။ အမျိုးသားဟာ ပို့တ်မက်ကွိုင်းယား ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပြီး အခြေအနေက အသည်းအသန် ဖြစ်နေဆဲလို့ ဆိုပါတယ်။

ဒဏ်ရာတွေက သေလောက်အောင် ပြင်းထန်ကြောင်း၊ အထူးသဖြင့် ဘယ်ဖက်ခြေထောက်က ကိုက်ရာတွေက အရမ်းကြီးမားပြီး သွေးတွေ အရမ်းဆုံးရှုံးထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ရဲစုံထောက် မာတင်ဘာ့ခ်က မှတ်ချက်ပေးခဲ့ပါတယ်။

မျက်မြင်တဦးဖြစ်တဲ့ ဆယ်ကျော်သက် မိန်းကလေးက သူ့တသက်မှာ ငါးမန်းကိုက်ခံရတဲ့ ဖြစ်စဉ်ကို ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်ကြောင်း၊ မြင်ကွင်းက အရမ်းကြောက်စရာကောင်းပြီး အဲဒီအမျိုးသားရဲ့ ခြေတစ်ဖက်က တွဲလောင်း ဖြစ်လုနီးပါး အခြေအနေ ဆိုးနေကြောင်း၊ နေရာတိုင်းမှာ သွေးတွေ ပျံ့နှံ့နေခဲ့ကြောင်း ပြောပါတယ်။

ငါးမန်း တိုက်ခိုက်မှု အပြီးမှာ ကမ်းခြေကို ၂၄ နာရီ အနည်းဆုံး ပိတ်ထားဖို့ ညွှန်ကြားခဲ့ပြီး အနီးတဝိုက်မှာ ငါးမန်း လှုပ်ရှားသွားလာမှုကို ဒရုန်းနဲ့ စောင့်ကြည့်နေပါတယ်။

ဩစတြေးလျဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ လူသားတွေ လှုံ့ဆော်မှု မရှိဘဲ ငါးမန်းတိုက်ခိုက်မှုတွေ ကြုံရတဲ့ ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ငါးမန်းတွေ တိုက်ခိုက်မှုကို လှုံ့ဆော်မှုကြောင့်နဲ့ လှုံ့ဆော်မှု မရှိတဲ့ အခြေအနေ နှစ်ခုအဖြစ် ပညာရှင်တွေက ခွဲခြား သတ်မှတ်ထားပါတယ်။

လှုံ့ဆော်မှုကြောင့် ဆိုတာက ငါးမန်းကို လူတွေက ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ မတော်တဆဖြစ်စေ အနှောင့်အယှက် တခုခု ပေးမိလို့ ငါးမန်းက ရန်ပြုတာပါ။ လှုံ့ဆော်မှု မပါတဲ့ တိုက်ခိုက်မှုမှာတော့ ငါးမန်းရဲ့ သဘာဝ စားကျက်နယ်မြေထဲ ရောက်သွားသူ တဦးကို ငါးမန်းက သားကောင်လို့ ယူဆပြီး တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။

 ၂၀၂၂ ခုနှစ်တုန်းက နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ထဲက ကမ်းခြေတွေမှာ ငါးမန်းတိုက်ခိုက်မှု ၁၀ ခု ဖြစ်ပွားခဲ့ရာက ၇ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။