အမေရိကန်မှာ မရိန်းတပ်ဖွဲ့ရဲ့ တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူး သေဆုံး

သြဂုတ် ၊ ၂၆

အမေရိကန် နိုင်ငံမှာ F/A-18 တိုက်လေယာဉ်တစီး ပျက်ကျရာက လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

 ဩဂုတ် ၂၅ ရက် မနက်အစောပိုင်းက ဆန်ဒီယေဂို မြို့နားက တောင်ထူထပ်ရာ ဧရိယာ တခုမှာ အမေရိကန် မရိန်းတပ်ဖွဲ့ပိုင် တိုက်လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျပြီးပြီးချင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမဲ့ ပျက်ကျတဲ့ နေရာမှာ လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို တွေ့ရှိတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း မရိန်း တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

F/A-18တွေမှာ တယောက်စီးနဲ့ နှစ်ယောက်စီး မျိုးကွဲတွေရှိပြီး အခုလေယာဉ်ပေါ်မှာတော့ လေယာဉ်မှူး တဦးသာ ပါရှိခဲ့တယ်ကြောင်း သိရပါတယ်။ သေဆုံးသူရဲ့ နာမည်ကိုတော့ မိသားစု ဆွေမျိုးတွေဆီ အသိပေး အကြောင်းကြားပြီး နောက်ထပ် ၂၄ နာရီ အကြာမှ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒီဖြစ်စဉ်မှာ မြေပြင်ပေါ်က လူနေအိမ်တွေ၊ လူတွေ ထိခိုက်မှု သတင်းလည်း မကြားရပါဘူး။

ပျက်ကျခဲ့တဲ့ F/A-18ဟာ မရိန်းတပ်ရဲ့ တိုက်လေယာဉ်အုပ် VMFA 224ရဲ့ ဖွဲ့စည်းပုံအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ လေယာဉ်ပျက်ကျမှုကို ဆန်ဒီယေဂို ရဲတပ်ဖွဲ့က တာဝန်ယူ စုံစမ်းနေပေမယ့် အခုတော့ မရိန်းတပ်ဖွဲ့က လက်လွှဲယူထားလိုက်ပြီ ဖြစ်ပါတယ်။

F/A-18တွေကို အမေရိကန် မရိန်းတပ်နဲ့ ရေတပ်တွေမှာ အသုံးပြုနေပါတယ်။ ဒီလေယာဉ်တွေဟာ ဟောလိဝုဒ် မင်းသား တွမ်ခရုစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာကျော် အက်ရှင် ဇာတ်ကား Top Gun: Maverickမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။