Wagner အကြီးအကဲ သေဆုံးမှုဟာ ပူတင်လုပ်ကြံတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဘီလားရုစ် သမ္မတပြော

သြဂုတ် ၊ ၂၆

 Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ ကိစ္စမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လုပ်ကြံခဲ့တာလို့ သူလုံးဝ မယုံကြည်ကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောပါတယ်။

လူကာရှန်ကိုဟာ ပူတင်ရဲ့ အမာခံ မဟာမိတ် တဦးဖြစ်ပြီး ရုရှားမှာ ဇွန်လကုန်ပိုင်းက Wagner ကြေးစားတပ် ပုန်ကန်ချိန်မှာ အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။ Wagnerခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်ဟာ သက်တမ်းတိုတောင်းခဲ့တဲ့ ပုန်ကန်မှုအပြီး နောက်ထပ် နှစ်လတိတိအကြာ ဩဂုတ် ၂၃ ရက်မှာ လေယာဉ် ပျက်ကျပြီး တခြားသူ ၉ ဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။

ဒီတော့ ပူတင်ဟာ သူ့ရဲ့ အာဏာစက်ကို စိန်ခေါ်ခဲ့ဖူးတဲ့အတွက် ပရီဂိုဇင်ကို အပြတ်ရှင်းပစ်စေခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ပူတင်ရော၊ ပရီဂိုဇင်နဲ့ပါ သိကျွမ်းတဲ့ လူကာရှန်ကိုကတော့ ဒီလို လုပ်နည်းလုပ်ဟန်မျိုးက ပူတင်ရဲ့ မူပိုင်ဟန် မဟုတ်ဘူးလို့ သုံးသပ်ပြခဲ့ပါတယ်။

လေယာဉ် ပျက်ကျတာဟာ တကယ်ပဲ လုပ်ကြံမှု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူ့ လက်ချက်လဲ ဆိုတာကိုတော့ မပြောတတ်ကြောင်း၊ ဒါပေမဲ့ ပူတင့်အကြောင်း သေချာသိထားတဲ့အတွက် ပူတင်ရဲ့ ညွှန်ကြားချက် မဟုတ်ဘူးလို့​တော့ အခိုင်အမာ ယုံကြည်ကြောင်း၊ ပူတင်ဟာ အရမ်း သွေးအေးပြီး ထောင့်စေ့အောင် စဉ်းစားတတ်သူ၊ အေးအေးဆေးဆေးနဲ့ အချိန်ယူပြီး အလုပ်လုပ်တတ်သူ ဖြစ်တာကြောင့် အခုကိစ္စမျိုးက ပူတင်နဲ့ လုံးဝ ကိုက်ညီမှု မရှိကြောင်း လူကာရှန်ကိုက ဆိုပါတယ်။

တကယ်သာ လုပ်ကြံမှု ဖြစ်ခဲ့တာ သေချာရင် အခုကိစ္စဟာ အရမ်း အကြမ်းထည် ဆန်လွန်ပြီး ပရော်ဖက်ရှင်နယ် မပီသတဲ့ နည်းလမ်းမျိုးလို့လည်း လူကာရှန်ကိုက ဝေဖန်သွားပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်​ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကလည်း လေယာဉ် ပျက်ကျတာဟာ ပူတင်ရဲ့ ညွှန်ကြားမှုကြောင့်ဆိုတဲ့ စကားတေ အကုန်လုံးဟာ မုသားသက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ သူက ရုရှား အစိုးရ အနေနဲ့ အခင်းဖြစ်ရာ နေရာမှာ တွေ့ရှိတဲ့ ရုပ်အလောင်းတွေကို DNA ဆေးစစ် အတည်ပြုတာမျိုး မပြီးမချင်း ပရီဂိုဇင် အမှန်တကယ် သေမသေ ဆိုတာကို ဆုံးဖြတ်ဦးမှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်

ပူတင်ကတော့ လေယာဉ် ပျက်ကျမှုမှာ သေဆုံးသူ ၁၀ ဦးလုံးရဲ့ မိသားစုတွေအတွက် စာနာဝမ်းနည်းမိကြောင်း ဩဂုတ် ၂၅ ရက်မှာ သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။