TNLA နယ်မြေထဲ ထီရောင်းသူဟန်ဆောင်ပြီး ငွေလိမ်သူတွေ အဖမ်းခံရ

သြဂုတ်၊ ၂၅
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်း စစ်ကောင်စီရဲ့ ထီလက်မှတ်တွေ ရောင်းချခဲ့ပြီးနောက် ဒေသခံတွေကို ထီပေါက်တယ်ဆိုကာ ငွေကြေးလိမ်ဖို့ ကြိုးပမ်းနေသူတစုကို ဖမ်းဆီးထားတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
 
လိမ်လည်မှုနဲ့ TNLA က ဖမ်းဆီးထားတဲ့အဖွဲ့မှာ လူရှစ်ဦးထက်မနည်း ပါဝင်တာ တွေ့ရပြီး အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
 
ကွတ်ခိုင်မြို့နယ်၊ ကာလိုင်အုပ်စု၊ ပန်ဆေးရွာခံတွေကို အခုလ ၁၀ ရက်မှာ လူတစုက စစ်ကောင်စီရဲ့ ထီလက်မှတ်တွေ လာရောက်ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက် ဩဂုတ် ၂၃ ရက်မှာတော့ အဲ့ဒီထီရောင်းသူတွေ ပြန်ရောက်လာကြပြီး ထီထိုးထားတဲ့ ဒေသခံတဦးကို ကျပ်သိန်းနှစ်ရာ ထီပေါက်တယ်ဆိုကာ လိမ်လည်ဖို့ ကြိုးစားခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ထီပေါက်တဲ့ ဒေသခံအနေနဲ့ ဆုကြေးငွေထုတ်ယူနိုင်ဖို့အတွက် ကနဦး ကျပ်သိန်းနှစ်ဆယ် ပေးသွင်းရမှာဖြစ်ပြီး ဆုကြေးထုတ်ပြီးချိန်မှာ ဆုကြေးသိန်းနှစ်ရာနဲ့အတူ ပြန်လာပေးမယ်လို့ အဲဒီအဖွဲ့က လိမ်လည်ခဲ့တာလို့ ဆိုပါတယ်။
 
ဒါ့အပြင် နောက်ထပ် ထီထိုးထားတဲ့ ဒေသခံတဦးကိုလည်း ကျပ် ၁၈ သိန်းတန်ဆိုင်ကယ် ပေါက်တယ်လို့ဆိုကာ ကနဦး ကျပ်ဆယ်သိန်းပေးသွင်းရမယ်လို့ လိမ်လည်ခဲ့ပြီး ကျပ်တသိန်းခုနစ်သောင်း လိမ်လည်ရယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အဲ့ဒီလို လိမ်လည်နေတဲ့ အခြေအနေတွေကို TNLA ရဲ့ ကွတ်ခိုင်မြို့နယ် အမှတ်(၃)တိုက်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက သတိပြုမိခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဖမ်းမိသူတွေကို ဘယ်လို ဆက်လက်အရေးယူထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
 
ဓာတ်ပုံ – TNLA