သြဂုတ်၊ ၂၅
ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ စစ်ကောင်စီစစ်ကြောင်းတခုကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးကာ လက်နက်မျိုးစုံ နှစ်ဆယ်ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) တပ်ရင်း (၂) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ပွိုင့် (၃၂၂၂) နဲ့ ပွိုင့် (၂၈၈၈) တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ဖို့နဲ့ လုံခြုံရေးအင်အား ဖြည့်တင်းဖို့လာတဲ့ ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်တာကြောင့် နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပြီး နောက်တရက် မနေ့က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ စစ်ကောင်စီဘက်က ရုပ်အလောင်း ၁၂ လောင်း တွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၉ ဦး ဒဏ်ရာရခဲ့ကြကြောင်း သိရတယ်လို့လည်း ဆိုထားပါတယ်။
တိုက်ပွဲအတွင်း ကရင်နီတပ်မတော်ဘက်က သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲ ၆၀ မမပြောင်းရှည်နဲ့ ပြောင်းတို နှစ်လက်စီ၊ ငါးကြင်းမြှီး စက်သေနတ် ၁ လက်၊ ရိုင်ဖယ်သေနတ် ၁၅ လက်၊ ပစ္စတိုသေနတ် တလက်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဗုံးသီးတွေနဲ့ ၅ ဒသမ ၅၆ ကျည် ၁၂၀၀၀ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် အများအပြားကိုလည်း ရရှိခဲ့တယ်လို့ ကရင်နီတပ်မတော် KA တပ်ရင်း (၂) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KA Battalion No.2