ကလေးမြို့မှာ ဓားပြကို ပြန်လည်ခုခံတဲ့ အိမ်ရှင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ

သြဂုတ်၊ ၂၅
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အ.ထ.က (၂) ဘောလုံးကွင်း အနီးက အိမ်တအိမ်ကို သြဂုတ်လ ၂၄ ရက်၊ ညပိုင်းက ဓားပြတိုက်ဖို့ လာသူတဦးကို ပြန်လည်ခုခံလို့ အိမ်ရှင်အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
 
” ကိုးနာရီနဲ့ ဆယ်နာရီကြားလောက်မှာ ဖြစ်တာ။ ဝင်လာတဲ့သူက ဓားပါတယ်။ ရရင်ခိုးမယ်။ သူ့ကို တွေ့သွားရင် ဓားနဲ့ ခြိမ်းခြောက်ဓားမြတိုက်မယ်ဆိုတဲ့ သဘောထင်တယ်။ အိမ်ရှင်အမျိုးသမီးက သတ္တိရှိတယ်ပြောရမယ်။ လက်ဗလာနဲ့ကို ခုခံတာ ” လို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
အိမ်ရဲ့နောက်ဖေးဘက်ကနေ ဓားကိုင်ဝင်လာတဲ့ သူခိုးကို အိမ်ရှင်အမျိုးသမီးက လက်ကိုဖမ်းဆွဲပြီး ကိုက်တဲ့အချိန်မှာ သူခိုးက ဓားနဲ့ထိုးတဲ့အတွက် အိမ်ရှင်အမျိုးသမီးရဲ့ကျောမှာ ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှု ခံနေရပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတာမျိုး မရှိဘူးလို့ ပြောပါတယ်။
 
အဲဒီဓားပြနဲ့ အိမ်ရှင်အမျိုးသမီးတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပဲ အမျိုးသမီးရဲ့မောင်ဖြစ်သူက တုတ်နဲ့ ဝင်ရိုက်တဲ့အတွက် ဓားပြတိုက်ဖို့ ကြိုးစားသူဟာ ဓားကို ပစ်ချထွက်ပြေးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ခုသြဂုတ်လကုန်ပိုင်း ကလေးမြို့မှာ အနုကြမ်းစီး ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပြီး သြဂုတ်လ ၁၉ ရက်က ဓားပြတိုက်အနုကြမ်းစီးမှုတကြိမ်နဲ့ သြဂုတ် ၂၁ ရက်တည်းမှာ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – Social Media