ယူကရိန်း လေယာဉ်မှူးတွေအတွက် F-16 လေ့ကျင့်ရေး အစီအစဉ်တွေ နောက်လမှာ စတင်မယ်လို့ အမေရိကန် အတည်ပြု

သြဂုတ်၊ ၂၅

ယူကရိန်း လေယာဉ်မှူးတွေအတွက် F-16 တိုက်လေယာဉ်တွေ မောင်းနှင်နိုင်အောင် လေ့ကျင့် သင်တန်းပေးမှုကို နောက်လမှာ စတင် ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန်က အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က စက်တင်ဘာလကစလို့ ယူကရိန်း လေယာဉ်မှူးတွေကို အမေရိကန်က F-16တွေ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်အောင် စတင် လေ့ကျင့် သင်တန်းပေးသွားမယ်လို့ ဩဂုတ် ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ ယူကရိန်းဆီ F-16 တိုက်လေယာဉ်တွေ ကိုယ်တိုင်ထောက်ပံ့ဖို့ ငြင်းဆန်ထားပေမယ့် ဥရောပ မဟာမိတ်တွေဆီ ရောင်းချပေးထားတဲ့ လေယာဉ်တွေကို ယူကရိန်းဆီ ထပ်ဆင့် လွှဲပြောင်းပေးမယ့် ကိစ္စကိုတော့ တားဆီးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ ပထမအသုတ် F-16 လေ့ကျင့်ရေး ပရိုဂရမ်မှာ ယူကရိန်း လေယာဉ်မှူး တချို့နဲ့ မြေပြင်အမှုထမ်း ဒါဇင်တချို့ ပါဝင်မယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ပတ်ရိုင်ဒါက ဆိုပါတယ်။ ကနဦးအဖြစ် အဲဒီ လေယာဉ်မှူးတွေဟာ တက္ကဆက်စ်ပြည်နယ်၊ ဆန်အန်တိုနီယိုမှာရှိတဲ့ လက်ခ်လန် လေတပ်စခန်းမှာ အင်္ဂလိပ်ဘာသာ မွမ်းမံသင်တန်း တက်ရမှာဖြစ်ကြောင်း၊ ဘာသာစကား ပြဿနာကို အတိုင်းအတာ တခုထိ ဖြေရှင်းနိုင်ပြီဆိုရင် F-16တွေ လက်တွေ့ ပျံသန်းမောင်းနှင်မှု သင်တန်းတွေ စတင်မှာဖြစ်ကြောင်း ရိုင်ဒါက ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန်လုပ် F-16တွေ ရရှိရေးကို ကာလရှည်ကြာ တောင်းဆိုနေခဲ့ပြီး အဲဒီ ခေတ်မီ တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို တွန်းလှန်ရာမှာ အရမ်းထိရောက်တဲ့ အားဖြည့်မှုမျိုး ဖြစ်လာမယ်လို့ ယူကရိန်း စစ်ဦးစီးတွေက ယုံကြည်နေပါတယ်။ အခုအခါမှာတော့ ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ သူတို့ရဲ့ F-16 ဒါဇင်တချို့ကို ယူကရိန်းဆီ လွှဲပေးဖို့ သဘောတူထားသလို တခြား NATO အဖွဲ့ဝင် နိုင်ငံတချို့ကပါ အဲဒီ လမ်းစဉ်ကို လိုက်လာဖွယ် ရှိနေပါတယ်။ 

ယူကရိန်း လေယာဉ်မှူးတွေဟာ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေနဲ့သာ ရင်းနှီး ကျွမ်းဝင်ထားတာကြောင့် F-16တွေဟာ သူတို့အတွက် အသစ်စက်စက် အတွေ့အကြုံမျိုး ဖြစ်နေပါလိမ့်မယ်။ ရိုင်ဒါက လေယာဉ်မှူးတွေရဲ့ အခြေခံ အရည်အသွေးအပေါ် မူတည်ပြီး F-16တွေအတွက် သင်တန်းပေးရတာဟာ ၅ လကနေ ၈ လလောက်ထိ ကြာမြင့်တတ်တယ်လို့ မှတ်ချက် ပေးသွားပါတယ်။ တနည်းအားဖြင့် ယူကရိန်းဟာ အစောဆုံးအဖြစ် လာမယ့်နှစ်ကျမှသာ F-16တွေကို တိုက်ပွဲဝင် အဆင့်ထိ အသုံးချနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

 

Ref: Reuters