Wagner ခေါင်းဆောင် သေဆုံးမှုဟာ ယူကရိန်းနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ သမ္မတ ဇီလန်စကီးပြော

သြဂုတ်၊ ၂၅

ရုရှား ကြေးစားတပ် Wagnerရဲ့ အကြီးအကဲ သေဆုံးမှုဟာ ယူကရိန်းနဲ့ လုံးဝ ပတ်သက် ဆက်နွှယ်မှု မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၂၃ ရက်က မော်စကိုမြို့ အနောက်မြောက်ဖက်မှာ ဖြစ်ပွားတဲ့ လေယာဉ် ပျက်ကျမှု တခုအတွင်း Wagner ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင် အပါအဝင် လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပရီဂိုဇင် သေဆုံးတာဟာ သွေးရိုးသားရိုး လေယာဉ်ပျက်ကျမှုကြောင့် မဖြစ်နိုင်ဘဲ နောက်ကွယ်မှာ လုပ်ကြံမှု တခုခု ရှိနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။

Wagnerတပ်ဖွဲ့ကလည်း သူတို့ရဲ့ ခေါင်းဆောင်ဟာ သစ္စာဖောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တယ်လို့ ယုံကြည်ကြောင်း မှတ်ချက် ပေးခဲ့တာကြောင့် အဲဒီ ယူဆချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။

ပရီဂိုဇင် ရန်သူပေါများသူ တဦးလို့ ဆိုနိုင်ပြီး ဇွန်လကုန်ပိုင်းက ရုရှားနိုင်ငံမှာ ပုန်ကန်မှု တခုကို ဦးဆောင်ခဲ့တာကြောင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပစ်မှတ်ထားမှုကို ခံနေရတယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Wagner တပ်တွေက ယူကရိန်းက ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင် တိုက်ခိုက်ပေးခဲ့တာကြောင့် ယူကရိန်းရဲ့ ရန်သူအဖြစ်လည်း သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ဇီလန်စကီးကတော့ ပရီဂိုဇင် သေဆုံးမှုမှာ သူ့နိုင်ငံရဲ့စနက် လုံးဝ ကင်းရှင်းတယ်လို့ ပြောကြားသွားပါတယ်။ ဒီဖြစ်စဉ်နဲ့ ယူကရိန်း ဘယ်လို အဆက်အစပ်မှ မရှိဘူးလို့ ဇီလန်စကီးက ကိယက်ဗ်မြို့တော်မှာ သတင်းထောက်တွေကို မှတ်ချက် ပေးသွားပါတယ်။ နောက်ပြီး တကယ်တမ်း ဘယ်သူဘယ်ဝါနဲ့ ဆက်စပ်သလဲ ဆိုတာကို လူတိုင်းလည်း သိပြီးသား ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ဒါဟာ ပရီဂိုဇင် သေဆုံးမှုကို ပူတင်က ကြိုးကိုင် စီမံခဲ့တယ်လို့ သွယ်ဝိုက် စွပ်စွဲလိုက်တဲ့ သဘောပါပဲ။

ပူတင်ကိုယ်တိုင်ကတော့ ပရီဂိုဇင်ရဲ့ လေယာဉ်ပျက်ကျမှုအပြီး ၂၄ နာရီလောက် အကြာကျမှ အဲဒီကိစ္စအပေါ် ပထမဆုံးအကြိမ် မှတ်ချက်ပေးခဲ့ရမှာ ပရီဂိုဇင်ဟာ အရည်အချင်း ပြည့်ဝပေမယ့် ဘဝမှာ ဆိုးရွားတဲ့ အမှားတွေ ကျူးလွန်မိခဲ့သူ တဦးလို့ သုံးသပ်သွားခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစု အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းလည်း ပူတင်က ပြောခဲ့ပါတယ်။ ​

ပရီဂိုဇင်ဟာ ၂၀၁၄ မှာ Wagnerကို စတင်ထူထောင်ခဲ့ပြီး သူ့ရဲ့တပ်ဖွဲ့ဟာ တိုက်ရည်ခိုက်ရည် ကောင်းသလို ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကြော်ကြားခဲ့ပါတယ်။ Wagnerဟာ ရုရှားရဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ ပါဝင် တိုက်ခိုက်ခဲ့သလို ပရီဂိုဇင်ကလည်း ပူတင်ရဲ့ အနီးကပ် မဟာမိတ်တဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဇွန် ၂၃ ရက်မှာ Wagnerတပ်တွေ မော်စကိုဆီ ဦးတည် ချီတက်ဖို့ ကြိုးစားခဲ့တဲ့ ပုန်ကန်မှု အပြီးမှာတော့ ပရီဂိုဇင်ဟာ ပူတင်ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာပြီလို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။ သူဟာ ပုန်ကန်မှုအပြီး နှစ်လအကြာမှာ ပဟေဠိဆန်ဆန် လေယာဉ်ပျက်ကျမှုနဲ့ သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။

 

Ref: Guardian