သြဂုတ်၊ ၂၅
ထိုင်းစစ်တပ် အကြီးအကဲဟောင်းတွေနဲ့ နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို ညှိနှိုင်းယူသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာ သာဗီဆန်က ပြောကြားခဲ့ပါတယ်။
ဆရက်သာဟာ အခုသီတင်းပတ် အစောပိုင်းက ထိုင်းလွှတ်တော် မဲခွဲမှုမှာ လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက်ကို ရရှိခဲ့တဲ့နောက် ၁၁ ပါတီ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရသစ်ကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဖျူထိုင်းပါတီ (PTP)ဟာ ဒီမိုကရေစီ အင်အားစု တခုအဖြစ် ရေရှည် ရပ်တည်ခဲ့ပေမယ့်လည်း အစိုးရ ဖွဲ့ဖို့အတွက် ညွန့်ပေါင်း မဟာမိတ်တွေထဲမှာ ထိုင်းစစ်တပ် ထောက်ခံတဲ့ ပါတီ ၂ ခုကိုပါ ပူးပေါင်းဖို့ လက်ခံခဲ့ပါတယ်။
ထိုင်းစစ်တပ်ဟာ PTPက တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ သက်ဆင် ရှီနာဝပ်ထရာနဲ့ ယင်လက်ခ် ရှီနာဝပ်ထရာတို့ဆီကနေ ၂၀၀၆ နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းက နှစ်ကြိမ်တိုင် အာဏာသိမ်းခဲ့ဖူးပါတယ်။ ၂၀၁၄ တုန်းက အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် အကြီးအကဲ ပယာရွတ် ချန်အိုချာဟာ နောက်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ယေဘုယျအားဖြင့် PTPနဲ့ ထိုင်းစစ်တပ်ဟာ ကမ္ဘာ့ရန်တွေလို့ ယူဆနိုင်ပေမယ့် အခုအခါမှာတော့ PTPဟာ အစိုးရ ဖွဲ့ဖို့အတွက် စစ်တပ်နဲ့ ပူးပေါင်းလိုက်တယ်လို့ သတ်မှတ်လို့ ရပါတယ်။
ဆရက်သာဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်တော့မယ့် စစ်တပ် အကြီးအကဲဟောင်း ပယာရွတ်နဲ့ ဩဂုတ် ၂၄ ရက်မှာ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ သူက PTPနဲ့ စစ်တပ်နောက်ခံ နိုင်ငံရေး အင်အားစုတွေကြား အမြင်ကွဲပြားမှုတွေ ရှိနေဆဲ ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အဲဒီလို ကွဲပြားမှုတွေကို ကျော်လွှားဖို့က ခက်ခဲကြောင်း၊ တကြိမ်လောက် အတူထိုင် ဆွေးနွေးရုံနဲ့ ဖြေရှင်းနိုင်မှာလည်း မဟုတ်ကြောင်း၊ အတိုင်းအတာ တခုထိ အချိန်လိုအပ်မှာကို နားလည်သင့်ကြောင်း ဆရက်သာက ပြောပါတယ်။
ပယာရွတ်ဟာ စစ်အစိုးရကိုရော၊ အရပ်သား ဝန်ကြီးချုပ် အနေနဲ့ပါ ၉ နှစ်ကြာ တာဝန်ယူခဲ့ပါတယ်။ ပယာရွတ် ကိုယ်တိုင်ကလည်း နိုင်ငံရေး သွေးကွဲမှုတွေကို ကျော်လွှားချင်တဲ့ စိတ်ဆန္ဒ ရှိနေမှန်း ခံစား နားလည်မိကြောင်း၊ ပယာရွတ်ကလည်း နိုင်ငံကို ကောင်းစေချင်သူ တဦးသာဖြစ်ကြောင်း ဆရက်သာက ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်းနှစ်ဦး တွေ့ဆုံချိန်မှာ ပယာရွတ်က ဘာအကြံပေးခဲ့သလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ ဆရက်သာက သူ့ကို အတတ်နိုင်ဆုံး စိတ်အေးအေး၊ စိတ်ရှည်ရှည်နဲ့ အလုပ်လုပ်ဖို့၊ နိုင်ငံနဲ့ ထိုင်းဘုရင်ကို အစွမ်းကုန် ကာကွယ်ဖို့ ပယာရွတ်က တိုက်တွန်းခဲ့ကြောင်း ဖြေကြားသွားပါတယ်။
အသက် ၆၀ အရွယ်ရှိပြီး အိမ်ခြံမြေ လုပ်ငန်းစု သူဌေးကြီး တဦးအဖြစ် လူသိများခဲ့တဲ့ ဆရက်သာဟာ ရွေးကောက်ပွဲ မတိုင်ခင်က PTPနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ နိုင်ငံရေး သက်တမ်းက လပိုင်းလောက်သာ ရှိပါသေးတယ်။ တနည်းအားဖြင့် ထိုင်းနိုင်ငံ သမိုင်းမှာ နိုင်ငံရေး ဝါအနုဆုံး ဝန်ကြီးချုပ် တဦးလို့တောင် သတ်မှတ်လို့ ရပါတယ်။ သူက အစိုးရသစ် အနေနဲ့ အတိတ်က ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး သွေးကွဲမှုတွေမှာ ငြိတွယ်မနေဘဲ အနာဂတ်ကိုပဲ လက်တွေ့ကျကျ စဉ်းစား ရှုမြင်သင့်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။
Ref: CNA