ဈေးနှုန်းတွေမြင့်တက်လာတဲ့ မန္တလေးက အိုးပုတ်ပွဲတော်

သြဂုတ်၊ ၂၄
 
ကိုဗစ်ကာလကတည်းက မကျင်းပနိုင်တော့တဲ့ မန္တလေးမြို့ရဲ့ အစဉ်အလာပွဲတော်တွေထဲက တခုဖြစ်တဲ့ အိုးပုတ်ပွဲတော်ကို အခုနှစ်မှာ ပြန်ကျင်းပနေပြီး ဈေးနှုန်းတွေတော့ အရင်ကထက် သိသိသာသာ မြင့်တက်သွားတယ်လို့ အဲဒီပွဲ သွားခဲ့သူတွေက ပြောပါတယ်။
 
“ အစစအရာရာ ကုန်ဈေးနှုန်း တက်နေတဲ့ အချိန်မှာ အိုးပုတ်လေးသည်တွေလည်း ဈေးတက်ပြီလေ၊ ပွဲတော်က ဒီနှစ်မှ ပြန်ဖြစ်တာဆိုတော့ လာတဲ့သူများတယ်ပြောရမယ်၊ အရင်တုန်းကအတိုင်း ဒီဇိုင်းဆန်းဆန်းလေးတွေ အစုံတွေ့ရပြီး အရာရာတိုင်းက လိုချင်သလို ဖြစ်နေတုန်းပါပဲ ” လို့ အဲ့ဒီပွဲက ပြန်လာတဲ့ ကလေးမိခင်တဦးက ပြောပါတယ်။
 
အိုးပုတ်ပွဲတော်ကို အိုးပုတ်ခိုးပွဲ လို့လည်း ခေါ်ပါသေးတယ်။ ပွဲတော်မှာ အိုးပုတ်ခိုးသူတွေကလည်း ဈေးသည်တွေ စီးပွားပျက်လောက်အောင်ထိ ခိုးယူတာမျိုး မဟုတ်တာကြောင့် ချစ်စရာဓလေ့တစ်ခုအနေနဲ့ အိုးပုတ်ခိုးပွဲတော်လို့ လူသိများကြပါတယ်။
 
ရောင်းချတဲ့ အိုးများမှာ ရွှေဘို-နွယ်ငြိမ်း ဘက်မှ တဆင့်ပြန်လည်ရောင်းချကြတယ်လို့ ဆိုပါတယ်။
 
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို၊ ရွှေကျင်ရပ်၊ ပတ္တမြားတော်ရပ်ကွက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက် ဆိုတာနဲ့ အိုးပုတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်ကာလကစလို့ မကျင်းပနိုင်တော့ဘဲ လေးနှစ်အကြာ အခုနှစ်မှာ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။
 
“ ရှေးဘုရင်တွေ လက်ထက်ကတည်းက ဒီပွဲတော်က ရှိခဲ့တာပေါ့၊ ဟိုးအရင်ကတည်းက လုပ်လာတဲ့ ပွဲတော်တခုပေါ့၊ နောက်ပိုင်းမှာ ရွှေကျင်အနီးဝန်းကျင်က ဒေသခံတွေအပြင် မန္တလေးနဲ့နီးစပ်တဲ့ မြို့ခံတွေကပါ ဒီပွဲကို လာကြတာ ” လို့ မန္တလေးမြို့ခံ စာရေးဆရာတဦးက ပြောပါတယ်။
 
နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ခုခံတိုက်ခိုက်မှုတွေ ရှိနေချိန် အဲဒီပွဲတော် သွားရောက်လည်ပတ်ကြသူတွေကို ဒေသခံတွေကြား ဝေဖန်ကြတာမျိုးတွေလည်း ရှိနေပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသရာက သင်္ကြန်လို တနိုင်ငံလုံး စည်ကားတဲ့ ပွဲတော်တွေအပါအဝင် နိုင်ငံတဝန်း ဒေသအနှံ့က အစဉ်အလာပွဲတော်တွေဟာ ပါဝင်ဆင်နွှဲသူတွေ သိသိသာသာ နည်းပါးသွားခဲ့ပါတယ်။
 
မန္တလေး အိုးပုတ်ပွဲ လာသူတွေကတော့ ပွဲတော်ရဲ့ အစဉ်အလာတခုဖြစ်တဲ့ အမျိုးသမီး ကြီး၊ ငယ်မရွေး ကျောက်ခတ်ပန်းခေါ် သစ်ခတ်စိမ်းတွေ ပန်ဆင်လာကြတဲ့ ဓလေ့ကို ဒီကနေ့အထိ ဆက်လက် ထိန်သိမ်းနေကြတာ တွေ့ရပါတယ်။
 
Photo- Pyae, The Foodie