မန္တလေးက နာမည်ကြီးမျက်စိအထူးကုဆေးခန်းပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး နေအိမ်ကို ချိပ်ပိတ်

သြဂုတ် ၂၄

မန္တလေးမြို့က နာမည်ကြီးအထူးကုဆေးခန်းတခုဖြစ်တဲ့ တက်နေလင်း မျက်စိအထူးကုဆေးခန်းပိုင်ရှင်တွေကို စစ်ကောင်စီတပ်တွေက မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်နဲ့ ဆေးခန်းကိုပါ တခါတည်းချိပ်ပိတ်လိုက်တယ်လို့ ဆေးလောကနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။

“သူ့အိမ်ကိုသွားကြည့်တော့လည်း အိမ်ရှေ့မှာ ကြိုးနီတားထားတာတွေ့ရတယ်၊အစတုန်းက ဆရာကြီးတို့ ဖမ်းခံရ တယ်ဆိုတာ မသိဘူး၊ လိုင်းပေါ်မှာတွေ့တာပေါ့နော်၊အခြေအနေ စုံစမ်းကြည့်မှသိရတာပေါ့သူတို့ကတော့ သိတဲ့ အတိုင်း တော်လှန်ရေးကို အားပေးလို့ ထောက်ပံ့လို့ဖမ်းတယ်လိုတော့ ပြောတာပေါ့” လို့ လုံခြုံရေး အရ အမည်မ ဖော်လိုတဲ့ ကျန်းမာရေး ဝန်ထမ်းတဦးကပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၄ လမ်း ၈၁ လမ်းနဲ့ လမ်း ၈၀ ကြားက တက်နေလင်း မျက်စိအထူးကု ဆေး ခန်းပိုင်ရှင်မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမြသန်းနဲ့သူရဲ့ဇနီး မန္တလေးတက္ကသိုလ် အဝေးသင်ဌာနတွဲ ဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်နဲ့တခြားမိသားစုဝင်တဦးဖြစ်တဲ့ ဦးရန်နောင်သူ တို့သုံးဦး ကို စစ်ကောင်စီ ဖမ်းဆီး ခဲ့တာပါ။

ဒါ့အပြင် ဆရာဝန်ကြီးမိသားစုပိုင်ဆိုင်တဲ့ တက်နေလင်း မျက်စိအထူးကုဆေးခန်းနဲ့ ကွန်ဒိုတိုက်ခန်းတခုကို လည်း စစ်ကောင်စီက ချိပ်ပိတ်လိုက်တာပါ။

“ဆရာကြီးနဲ့ ဆရာမတို့က အသက် ငါးဆယ်ကျော်အရွယ်တွေဆိုတော့ အခုလိုဖြစ်တယ်ကြားတော့ စိတ်မကောင်း ဘူး၊သူတို့ကျန်းမာရေးအတွက် အရမ်းစိတ်ပူတယ်၊တကယ်တော့ အငြိုးနဲ့လုပ်တာပေါ့၊ဘာကြောင့် ညာကြောင့် ဆိုတာကထက် မန္တလေးက ဆေးလောကကျတော့ CDM လှုပ်ရှားမှုမှာ အားကောင်းကြတယ်လေ” လို့ မန္တလေး မြို့က ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့အကြောင်းအရာတွေ ဖော်ပြတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဆရာဝန်ကြီးတို့ မိသားစုဟာ လက်ရှိ အာဏသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့ PDF နဲ့ NUG ကို အားပေးထောက်ခံတဲ့ အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

မန္တလေးမြို့က နောက်ထပ်နာမည်ကြီး ပုဂ္ဂလိကကဆေးရုံတခုဖြစ်တဲ့ မင်္ဂလာဆေးရုံကိုလည်း စစ်ကောင်စီ တပ် တွေက CDM အထူးကု ဆရာဝန်နှစ်ဦးကို အလုပ်ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလကုန်ကစလို့ သုံးလ ယာယီပိတ်ခိုင်းထားပါသေးတယ်။

အခုလအတွင်း မန္တလေးမြို့မှာ PDF နဲ့NUG တို့ကိုထောက်ပံ့တာ၊လူမှုကွန်ရက်ပေါ်မှာ စစ်ခေါင်းဆောင်တွေကို ဝေဖန်ရေးသားတာစတဲ့အကြောင်း ပြချက်အမျိုးမျိုးနဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ နှစ်ဆယ်ဦးလောက်အထိရှိနေ တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရသူတွေထဲက တချို့ရဲ့ နေအိမ်တွေ ဈေးဆိုင်တွေနဲ့ ဆေးခန်းတွေကိုပါ စစ်ကောင်စီတပ်တွေက ချိပ်ပိတ်သိမ်းဆည်းတာတွေလုပ်နေတာကြောင့် အခုလအတွင်း မန္တလေးမြို့မှာ နေအိမ် လေးလုံးလောက် ချိပ် ပိတ် ခံခဲ့ရပါတယ်။