နှစ်သောင်းတန်သုံးစွဲတဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG ထုတ်ပြန်

သြဂုတ်၊ ၂၄

စစ်ကောင်စီက အသစ်ထုတ်ဝေထားတဲ့ နှစ်သောင်းတန် ငွေစက္ကူ လက်ခံသုံးစွဲတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အပြစ်ပေးအရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယရုပ်ပွားတော်အထိမ်းအမှတ်နဲ့ ဆင်ဖြူတော်တနှစ်မြောက်မွေးနေ့အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်က ထုတ်ဝေခဲ့တာပါ။

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ဖြစ် သတ်မှတ်ထားပြီးဖြစ်တာကြောင့် အဲဒီ နှစ်သောင်းတန် ငွေစက္ကူကို လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာ၊ တနည်းနည်းနဲ့လွှဲပြောင်းတာတွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အခန်း(၁၂)မှာပါတဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု ကျူးလွန်ရာရောက်တာကြောင့် အခုလို အရေးယူမှာလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်ကတည်းက ကြေညာထားပြီး NUG ရဲ့ ကြားကာလဗဟိုဘဏ်ကလည်း နှစ်သောင်းတန်ကို တရားမဝင်ငွေစက္ကူအဖြစ် ကြေညာထားပါတယ်။

NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်ကတော့ နှစ်သောင်းတန်ငွေစက္ကူ သုံးစွဲတာတွေကို ခွင့်မပြုနိုင်ဘဲ သုံးစွဲဖြန့်ဖြူးတာတွေကို အစွမ်းကုန် တားဆီးသွားမယ်လို့ ပြောပါတယ်။

“ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ အထူးလိုက်နာဖို့လိုတယ်။ စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ပံ့နေတာမျိုးကိုလုံးဝလက်ခံတော့မှာ သည်းခံတော့မှာ မဟုတ်ဘူး။ စစ်ကောင်စီ ဗဟိုဘဏ်ကို လည်း အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်။

ပုဂ္ဂလိကဘဏ်တွေကိုတော့ သတိပေးတဲ့အနေနဲ့ ဒီတားမြစ်မိန်ကို ထုတ်တာပါ” လို့ ဦးလွင်ကိုလတ်က ပြောပါတယ်။

 ဒါ့အပြင် NUG ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နှစ်သောင်းတန် လုံးဝသုံးစွဲခွင့်မရအောင် အစီအစဉ်ချထားပြီး မြို့နယ် ပအဖနဲ့ ပကဖ တွေအနေနဲ့ အရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကိုလည်း ရက်ပိုင်းအတွင်း တွေ့ဆုံညွှန်ကြားသွားဖို့ရှိတယ်လို့လည်း ဦးလွင်ကို လတ်က ပြောပါတယ်။

အလားတူပဲ ပြည်သူတွေအနေနဲ့လည်း နှစ်သောင်းတန် လက်ခံသုံးစွဲနေတဲ့ ဘဏ်တွေ ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကိုတွေ့ရှိပါက အထောက်အထားနဲ့တကွ တိုင်ကြားကြဖို့ NUG အစိုးရက ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အခန်း(၁၂)မှာတော့ ငွေကြေး၊ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို အကြမ်းဖက်အဖွဲ့က အသုံးပြုမယ်ဆိုတာ သိလျက်နဲ့ လက်ဝယ်ထားရှိပါက အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု ကျူးလွန်ရာရောက်တယ်လို့ ပါရှိပါတယ်။