ပြင်ဦးလွင်မှာ အိမ်ခြံမြေ ၅၀ ရာခိုင်နှုန်းအထိ စျေးမြင့်တက်သွား

သြဂုတ် ၊ ၂၄

မန္တလေးတိုင်း ၊ပြင်ဦးလွင်မြို့နဲ့ အနီးက ကျေးရွာတွေဘက်မှာ အိမ်ခြံမြေဝယ်ယူ၊ငှားရမ်းသူတွေများပြားလာပြီး ပြီးခဲ့တဲ့လပိုင်းကစတင်ကာ ငါးဆယ် ရာခိုင်နှုန်းအထိ  မြင့်တက်သွားတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များနဲ့ ဒေသခံများထံကနေ စုံစမ်းသိရပါတယ်။

“ တပတ်တပတ်ဆိုရင် မြေစျေးက အကျဘက်ကိုမရှိဘူး။ အတက်ဘက်ကိုပဲဦးတည်နေတယ်။ မြေကစားသူတချို့့လည်းပြန်ရောင်း၊ဝယ်လုပ်နေကြတာ။ ဝယ်နိုင်သူအများစုကတော့ ခရိုနီတွေနဲ့ တပ်ကလူတွေဝယ်ကြတာများတယ်။ ”ဟု နှစ် ၂၀ နီးပါးသက်တမ်းရှိ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာမှုနဲ့အတူ ဝယ်လိုအားများလာတဲ့အတွက် ပြင်ဦးလွင်အိမ်ခြံစျေးမှာ ယခုလပိုင်းအတွင်းမှာ ၅ဝရာခိုင်နှုန်းထိခုန်တက်လာတယ်လို့ ဆိုပါတယ်။

ဝယ်ယူသူတွေအများစုဟာ ရွာမြေ၊ စလစ်မြေနဲ့  ဂရံမြေစတဲ့ ခိုင်မာမြေတွေကို သာ အဓိကထားဝယ်ယူကြသလို ငွေကြေးတက်နိုင်တဲ့သူများကတော့ လယ်မြေနဲ့ ယာမြေများကို ဝယ်ယူပြီး  အခြားနည်းသုံးစွဲခွင့်လျှောက်ထားတာတွေပြုလုပ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အစိုးရမြေ၊ သစ်တောမြေနဲ့ တပ်ပိုင်မြေတွေကိုတော့ သေချာစိစစ်ရှောင်ကွင်းပြီးဝယ်ယူကြတယ်လို့ သိရပါတယ်။

အများစုဟာ ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်နေရာတွေထက် ရွာမြေတွေကိုသာ အဓိကထားဝယ်ယူနေပြီး ရွာမြေ ပေ၄၀၊ ပေ ၆ဝတစ်ကွက်လျှင် ကျပ်သိန်း၅ဝဝအထက်ပေါက်စျေးရှိနေပါတယ်။

ဝယ်ယူငှားရမ်းသူ အများစုဟာ နိုင်ငံရေးအခြေနေတွေကြောင့် နယ်မြေတည်ငြိမ်တဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ အများစုဝယ်ယူလာကြတာလို့ ဆိုပါတယ်။

“ရွာတွေမှာမြေတွေစိတ်ပြီးရောင်းကုန်ကြတယ်။ နောက်နှစ်တွေဆိုရင် မေမြို့က ပိုပူလာတော့မယ်။ ရွာမြေတွေလဲ အကွက်တွေစိတ်ရောင်းတော့ ကျဉ်းကုန်ကြပြီ၊ အပင်တွေအကုန်လှဲပစ်ပြီး မြေကွက်ဖော်တော့ပိုဆိုးတာပေါ့။ တချို့ရွာတွေဆိုရင် အိမ်ခြေ၅ဝပဲရှိတာ၊ အခု ၁ဝဝကျော်နေပြီ။ အိမ်ကြီးအိမ်ကောင်းတွေဆောက်ပြီး နေနေကြတာ။ရန်ကုန်၊ မန္တလေးမှာ မနေရဲလို့ဆိုပြီး ဒီဘက်မှာလာနေနေကြတာ။ ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

လတ်တလော ပြင်ဦးလွင်မှ စစ်ကိုင်းတိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားမှုနေတဲ့ နေရာတွေက ဒေသခံတွေဟာ မြေကွက်အပိုင်ဝယ်ယူသူတွေရှိသလို ငွေကြေးမတက်နိုင်တဲ့သူများအနေနဲ့ ငှားရမ်းနေထိုင်တာတွေလည်းရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

 “ရွာဘက်တွေမှာ ထပ်ငှားဖို့တောင်နေရာမရှိတော့အထိ အိမ်တွေအားလုံးပြည့်ကုန်တယ်။ တချို့ရပ်ကွက်ဆို တိုက်ခန်းတွေဆောက်ပြီး အလုပ်ဖြစ်နေကြတယ်။ အဓိကကတော့ စစ်ရှောင်တွေလာနေကြတာ။” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

အိမ်ငှားစျေးနှုန်းမှာလည်း တစ်လကို အနည်းဆုုံးတစ်သိန်းကျပ်ကနေစတင်ပြီး အနည်းဆုုံးခြောက်လငှားရမ်းရတယ်လို့သိရပါတယ်။

ရွာသစ်ကလေး၊ ငါးရံံ့ချောင်း၊ နောင်ခမ်းကြီး၊ တိုးကြီးကုန်း၊ လက်ပံကုန်း၊ နမ့်ကပ်၊ အောင်ချမ်းသာ၊ စည်ကား၊ ကံကြီးကုန်း၊ စည်သာ၊အနီးစခန်းနဲ့ ရှမ်းရွာတွေမှာ အများစုငှားရမ်း၊ ဝယ်ယူနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်တုန်းက ပြင်ဦးလွင် စင်တာအနီးရှိ မြေကွက်တွေ၊  အနီးစခန်း၊ ပြင်စာ နဲ့ အောင်ချမ်းသာအနီးရှိ မြေကွက်တွေကို လယ်ယာမြေပေါ် အကွက်ရိုက်ခြံဝင်းခတ်တယ်ဆိုပြီး အုတ်တံတွေကို ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။