KNU ဆီ ဆယ်ရက်အတွင်း စစ်ကောင်စီလက် အောက်ခံသုံးဦး လက်နက်နဲ့အလင်းဝင်ခဲ့

သြဂုတ်၊ ၂၃

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ကရင်နယ် ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တဦးစုစုပေါင်းသုံးဦးဟာ အခုလဆယ်ရက်အတွင်း လက်နက်နဲ့အတူအလင်းဝင်လာကြတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF) တပ်နယ်(၂)က တပ်သား အောင်ကိုဦးက ဩဂုတ်လ ၁၇ ရက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ ကဒုတပ်ကြပ် ဇော်မျိုးခိုင်နဲ့ တပ်သား အောင်မျိုးဇော်တို့ နှစ်ဦးကတော့ ဩဂုတ်လ ၈ ရက်က အလင်းဝင်ရောက်ခဲ့ကြတာ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

BGF တပ်ဖွဲ့ကတပ်သား အောင်ကိုဦးဟာ MA 16 – A1 တလက်၊ ကျည်ဘောက်ငါးခုနဲ့ ကျည်တောင့် ၁၅၀ နီးပါးယူ ဆောင်လာခဲ့သလို တပ်မ – ၄၄ ကတပ်ဖွဲ့ဝင်နှစ်ဦးကလည်း 60 mm စိန်ပြောင်း တလက်၊ MA-2 တလက်၊ ကျည်မျိုးစုံနဲ့ ဆက်ပစ္စည်းတွေကိုပါ ယူဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်သုံးဦးကို KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေ ငါးသောင်းစီ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ် ချုပ်မှုစနစ်ကို မနှစ်သက်တာကြောင့် တော်လှန်ရေးပြီးဆုံးတဲ့ အထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်တိုက်ပွဲဝင်သွားဖို့အတွက် လာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောရဲ့ ပြော ဆိုချက်ကို ကိုးကားပြီး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါက KNLA ဗိုလ်ဒါဘောတို့ဆီမှာ အလင်းဝင်လာတဲ့ သူတွေပါ၊ တခြား တပ်မဟာတွေမှာလည်း ရှိပါတယ်၊ စစ်ကောင်စီက သူတို့ တပ်ဖွဲ့ဝင်တွေကို အ တင်းအကြပ်စေခိုင်း တိုက်ခိုက်နေတယ်၊ သူတို့ကလည်း အဲဒီဒဏ်ကို မခံနိုင်တာလည်း ပါမယ်၊ အဲဒါတွေ ကြောင့်ပဲ အလင်းဝင်လာကြတာပဲလေ၊ အထိ အခိုက်ကလည်း များတာကိုး” လို့ KNUတပ်မဟာ ၆ အရာရှိ တဦးက DNA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင် လာတဲ့ ရဲနဲ့ စစ်သား စုစု ပေါင်း တသောင်းခြောက်ထောက်ဝန်းကျင်ရှိပြီး ဖြစ်တယ်လို့ NUG က အခုနှစ် ဧပြီလမှာ ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် အခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ လေးလအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့် ဗိုလ်မှူးတဦးအပါအဝင် ငါးရာဝန်းကျင်လောက် စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေစခဲ့ကြတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က NUG အစည်းအဝေးမှာပြောထားပါတယ်။