အဆိုတော် ဗျူဟာကို အင်းစိန်စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ချ

သြဂုတ်၊ ၂၃

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရတဲ့အကြောင်း ဝေဖန်ပြောဆိုလို့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက  ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“အင်းစိန်စစ်ခုံရုံးက ၁၂၄ နဲ့ထပ် ချတယ်၊ အနှစ် ၂၀” လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA အတည်ပြုပြောကြားပါတယ်။

တနိ်ုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့ပေါင်း ၄၇ မြို့ထဲမှာ ရန်ကုန်တိုင်းက မြောက်ဒဂုံအပါအဝင် ခြောက်မြို့နယ်ပါဝင်တာကြောင့် သက်ဆိုင်ရာစစ်တိုင်းမှူးရဲ့ အမိန့်နဲ့ အခုလို စစ်ခုံရုံးက ထောင်ဒဏ်ချမှတ်တာဖြစ်ပါတယ်။

တေးရေးဆရာ နိုင်မြန်မာရဲ့ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် အဆိုတော်ဗျူဟာ (ခေါ်) ကိုမင်းအုပ်မြန်မာဟာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး စစ်ခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးတို့ကို မေလ ၂၃ ရက်က ဖေ့စ်ဘုတ်ပေါ်မှာ Live လွှင့်ဝေဖန်ခဲ့တာပါ။

အဲဒီရုပ်သံဖိုင်ထဲမှာတော့စစ်ကောင်စီလက်ထက် တနေ့ကို လျှပ်စစ်မီး ငါးနာရီခြား တခါကိုတောင် ပုံမှန်မပေးနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့အကြောင်းနဲ့ မီတာခပါ လျှော့ပေးခဲ့တာကို ထည့်ပြောခဲ့တဲ့အပြင် စစ်ခေါင်းဆောင်ကိုလည်း အရည်အချင်းမရှိတဲ့သူလို့ ဝေဖန်ပြောကြားခဲ့ပါသေးတယ်။

အဲဒီလို ဝေဖန်ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ကာ နောက်တရက် မေလ ၂၄ ရက်မှာတော့ အဆိုတော် ဗျူဟာကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိနေအိမ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခဲ့ရပြီးနောက် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့ မျက်နှာ၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာတွေနဲ့အတူ လက်နောက်ပြန် လက်ထိပ်ခတ်ထားတဲ့ အဆိုတော် ဗျူဟာရဲ့ ပုံတွေကို ဖြန့်ဝေခဲ့တာလည်း ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(က) တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး သုံးလခန့်အကြာ ဒီကနေ့ သြဂုတ် ၂၃ ရက်မှာ  အင်းစိန်ထောင် စစ်ခုံရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တာပါ။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဟာ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြောဆိုတာမျိုး လုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။